မန်စီတွင် မိုင်းပေါက်ကွဲ၊ မူဆယ်တွင် မိုင်းများတွေ့ရှိ
DVB
·
January 1, 2018
ကချင်ပြည်နယ် မန်စီမှာ ဒီဇင်ဘာ ၃၁ ရက်နေ့က မိုင်းပေါက်ကွဲခဲ့ပြီး ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မှာလည်း ထောင်ထားတဲ့ မိုင်းတွေ တွေ့ခဲ့တယ်လို့ ပြည်ထဲရေးက သတင်းထုတ်ပြန်ပါတယ်။
မနေ့ညက စကခ ၂၁ (ဗန်းမော်) ကွပ်ကဲမှုအောက်မှာရှိတဲ့ စုပေါင်းတပ်က ဆောက်လုပ်ရေးသုံး ယန္တရားတွေ တင်လာတဲ့ ကား ၂ စီးဟာ ဗန်းမော်- စီအူလမ်းအတိုင်း လာနေတုန်း မန်ဝိန်းလေးရွာနဲ့ ဟန်ထက်ရွာကြားမှာ မိုင်းပေါက်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒါဟာ ရီမုမိုင်း ဖြစ်ပြီး အဲဒီနေရာကို နယ်မြေရှင်းလင်းရာမှာ မပေါက်သေးတဲ့ မိုင်း ၁ လုံးထပ်တွေလို့ ခလရ ၁၀၅ တပ်မတော်သားတွေက ပစ်ခတ်ပေါက်ခွဲရှင်းလင်းခဲ့ရပါတယ်။ မိုင်းပေါက်လို့ ထိခိုက်တာ မရှိဘူးလို့လည်း ဆိုပါတယ်။
ဒ့ါအပြင် မနေ့ည ၉ နာရီလောက်က မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်၊ လားရှိုးမောင်းတံနဲ့ ယာဉ်ငယ်တွေ စစ်ဆေးတဲ့ နေရာကြား ချုံပုတ်တွေနားမှာ မိုင်းတွေ့ကြောင်း ကုန်တင်ကုန်ချ အလုပ်သမားတယောက်ရဲ့ သတင်းပေးချက်အရ ခမရ ၄၁၅ က တပ်မတော်သားတွေနဲ့ ကုန်သွယ်ရေးဇုန် လုံခြုံရေးအဖွဲ့က သွားစစ်ခဲ့တယ်လို့ သိရပါတယ်။
စစ်ဆေးရာမှာ မိုင်း ၁ လုံးတွေ့ပြီး လျှပ်စစ် စနက်တံ ၂ ခုနဲ့ အလျား ၈ လက်မရှိတဲ့ သံကိုယ်ထည် တရုတ်နိုင်ငံလုပ် ရှေ့ထွက်ကြီးကြပ်မိုင်းကို ဘက္ထရီနဲ့ ဆက်သွယ်ထားတယ်လို့ ထုတ်ပြန်ပါတယ်။ အဲဒီမိုင်းကိုလည်း သက်မဲ့ပြုလုပ် ရှင်းလင်းခဲ့တယ်လို့ ဆိုပါတယ်။