အမေရိကန်က ဘယ်တော့မှ စစ်ပြုနိုင်မည်မဟုတ်ဟု မြောက်ကိုရီးယား ပြော

FILE PHOTO: North Korean leader Kim Jong Un waves to people attending a military parade marking the 105th birth anniversary of country's founding father, Kim Il Sung in Pyongyang, April 15, 2017. REUTERS/Damir Sagolj
2.4K
မြောက်ကိုရီးယားက နျူကလီးယား လက်နက်တွေနဲ့ အမေရိကန် ကုန်းမကြီး နေရာအားလုံးကို ပစ်ခတ်နိုင်စွမ်းရှိပြီဖြစ်လို့ အမေရိကန်ဟာ မြောက်ကိုရီးယားကို ဘယ်တော့မှ စပြီး စစ်ပြုနိုင်တော့မှာ မဟုတ်ဘူးလို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျွန်အန်းက ပြောလိုက်ပါတယ်။
ဇန်န၀ါရီ ၁ ရက်နေ့ ရုပ်သံကနေ ထုတ်လွှင့်တဲ့ နှစ်သစ်ကူး မိန့်ခွန်းအတွင်း ခုလို ပြောလိုက်တာပါ။
မြောက်ကိုရီးယားဟာ နိုင်ငံတကာ သတိပေးချက်နဲ့ ဒဏ်ခတ်မှုတွေကို အာခံပြီး စက်တင်ဘာအတွင်း ခြောက်ကြိမ်မြောက်နဲ့ အားအပြင်းဆုံး နျူကလီးယား စမ်းသပ်မှုကို ဆောင်ရွက်ခဲ့ပါတယ်။ တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်ကိုလည်း ပစ်လွှတ်စမ်းသပ်ခဲ့ပါတယ်။
ဒါကြောင့် ကိုရီးယား ကျွန်းဆွယ်မှာ ပဋိပက္ခအသစ် ဖြစ်မှာကို စိုးရိမ်မှု တိုးလာခဲ့တာပါ။ ကင်မ်ကတော့ ကိုရီးယား ကျွန်းဆွယ်မှာ စစ်ရေးတင်းမာမှု လျှော့ချဖို့နဲ့ တောင်ကိုရီးယားနဲ့ ဆက်ဆံရေး တိုးတက်ဖို့ဟာ မရှိမဖြစ် အရေးပါတဲ့ အချက်ပဲလို့ ပြောပါတယ်။
ဖေဖော်ဝါရီလမှာ တောင်ကိုရီးယားနိုင်ငံ ပြုံချမ်းမှာ ကျင်းပမယ့် ဆောင်းရာသီ အိုလံပစ် ပြိုင်ပွဲကို ကိုယ်စားလှယ်အဖွဲ့ စေလွှတ်ဖို့ စဉ်းစားမယ်လို့လည်း သူက ပြောပါတယ်။
တောင်ကိုရီးယား သမ္မတ မွန်ဂျေအင်းကလည်း မြောက်ကိုရီးယားက အိုလံပစ်ပွဲမှာ ပါဝင် ဆင်နွှဲရင် ပြုံချမ်း အိုလံပစ်ပွဲတော် ဘေးကင်းတာ သေချာစေလိမ့်မယ်လို့ ပြောပါတယ်။
အရင်လကလည်း မြောက်ကိုရီးယားက စစ်ပြုဖို့ အကြို ပြင်ဆင်ချက်လို့ ပြောဆို ရှုတ်ချခဲ့လို့ အမေရိကန်နဲ့ တောင်ကိုရီးယား ပူးတွဲအကြီးစား စစ်ရေးလေ့ကျင့်မှုကို အိုလံပစ်ပွဲ ပြီးချိန်အထိ ရွှေ့ဆိုင်းခဲ့ပါတယ်။