Home
မြန်မာသတင်း
မိုးရွာသွန်းပြီး မြူထူဆိုင်းမှုဖြစ်နိုင်၍ လေကြောင်း ရေကြောင်း သတိထားရန် မိုးဇလ ပြော
DVB
·
January 1, 2018
အချိန်အခါမဟုတ်မိုးရွာသွန်းနေပြီး လေပြင်းတိုက်ခတ်ခြင်း၊ မြူထူဆိုင်းခြင်းတို့ ဖြစ်ပေါ်နိုင်လို့ လေကြောင်းရေကြောင်း ခရီးစဉ်တွေ သတိထားကြဖို့  မိုးလေ၀သဌာနက ဒုတိယညွှန်ကြားရေးမှူး ဦးလှထွန်းက ပြောပါတယ်။ ဘင်္ဂလားပင်လယ်အော်က လေနွေးတွေနဲ့ နိုင်ငံမြောက်ပိုင်းက လေအေးတွေ စုဆုံပြီး ဒေသအတော်များများမှာ အချိန်အခါမဟုတ်မိုး ရွာသွန်းနေတာ ဖြစ်ပါတယ်။ ဒီဇင်ဘာ ၃၁ ရက်ကစလို့ ဒေသတချို့မှာ အချိန်အခါမဟုတ်မိုးတွေရွာနေပြီး ဒီရာသီဥတုဖြစ်စဉ်ဟာ နောက် လေးငါးရက်ထိ ဆက်ရှိနေနိုင်တယ်လို့လည်း ပြောပါတယ်။ အချိန်အခါမဟုတ်မိုးကြောင့် စိုက်ပျိုးရေးမှာ အခက်အခဲ ရှိနိုင်သလို ခရီးထွက်သူတွေလည်း အခက်အခဲ ရှိနိုင်မယ်လို့ ပြောပါတယ်။ “မိုးရွာလို့ စိုက်ပျိုးရေးလုပ်ငန်းတွေ နည်းနည်း အခက်အခဲ ရှိမယ်၊ ခြောက်သွေ့ရာသီမှာ ခရီးသွားတဲ့အခါ မိုးရွာတော့လည်း နည်းနည်းလေးတော့ အခက်အခဲ ရှိနိုင်တာပေါ့။ တချို့နေရာတွေမှာ မနက်ပိုင်းတွေ မြူထူဆိုင်းတဲ့ ဟာမျိုးတွေလည်း ရှိနိုင်တယ်၊ မြူထူဆိုင်းရင် အဝေးမြင်တာ လျော့သွားတဲ့အတွက် ဒါတွေလည်း ဂရုစိုက်ဖို့ လိုတာပေါ့။” မိုးလေ၀သဌာနရဲ့ ဒီနေ့မွန်းလွဲ ၂ နာရီအချိန်ထုတ်ပြန်ချက်မှာ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်းက မန္တလေးတိုင်း၊ မကွေးတိုင်း၊ ရှမ်းပြည်နယ် (အရှေ့ပိုင်းနှင့် တောင်ပိုင်း)၊ ကယားပြည်နယ်တို့မှာ  နေရာအနှံ့အပြား မိုးရွာခဲ့တယ်။ ရှမ်းပြည်နယ်(မြောက်ပိုင်း)မှာ နေရာစိပ်စိပ်၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ ချင်းပြည်နယ်နဲ့  ရခိုင်ပြည်နယ်တို့မှာ နေရာကျဲကျဲ၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းတို့မှာ နေရာကွက်ကျား မိုးရွာခဲ့တယ်လို့ ဖော်ပြထားပါတယ်။ မနက်ဖြန် မနက်အထိ ခန့်မှန်းချက်မှာတော့ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်းနှင့် တောင်ပိုင်း)၊ ရခိုင်ပြည်နယ်နဲ့  ကယားပြည်နယ်တို့မှာ နေရာအနှံ့အပြား မိုးရွာမယ်။ နေပြည်တော်နဲ့  ရှမ်းပြည်နယ် (မြောက်ပိုင်း)တို့မှာ နေရာစိပ်စိပ်၊ စစ်ကိုင်းတိုင်းအောက်ပိုင်းနဲ့ ချင်းပြည်နယ်တို့မှာ နေရာကျဲကျဲနဲ့  ကျန်တိုင်းဒေသကြီးနဲ့ ပြည်နယ်တို့မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာမယ်လို့ ခန့်မှန်းဖော်ပြထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024