A d v e r t i s e m e n t With Us

ထိုင်းနာမည်ကြီးအဆိုတော် Sek Loso သေနတ်ဖောက်မှုဖြင့် အဖမ်းခံရ

ထိုင်းနိုင်ငံက နာမည်ကြီးရော့ခ်အဆိုတော် Sek Loso ဟာ ပြီးခဲတဲ့ ဒီဇင်ဘာ ၂၉ ရက်ညက တေးဂီတဖျော်ဖြေပွဲတစ်ခုမှာ သေနတ်ကို မိုးပေါ်ထောင်ပြီးပစ်ဖောက်ခဲ့တဲ့အတွက် ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးတာ ခံခဲ့ရပါတယ်။ သူဟာ ထိုင်းတောင်ပိုင်း နခွန်းဆီထမရတ်မြိုကရှိ တာ့ခ်ဆင်ဘုရင် နှစ် ၂၅၀  ပြည့်အထိမ်းအမှတ် တေးဂီတဖျော်ဖြေပွဲမှာ သေနတ်ကို မိုးပေါ်ထောင်ပြီး ဆယ်ချက်လောက် ပစ်ဖောက်ခဲ့သလို သူ့ရဲ့လူမှုကွန်ရက်ပေါ်မှာလည်း ဖြန့်ဝေခဲ့ပါတယ်။ နောက်တနေ့မှာတော့ ရဲတပ်ဖွဲ့က သူ့ကိုရဲစခန်းမှာ လာရောက်ဖြေရှင်းဖို့ အကြောင်းကြားပေမယ့် သူက ရောက်မလာတဲ့အတွက် နခွန်းဆီထမရတ်တရားရုံးရဲ့ အမိန့်နဲ့ တာဝန်ရှိရဲတပ်ဖွဲ့ဝင်တွေက သူ့အိမ်ကို သွားခဲ့ကြပါတယ်။ Sek Loso က တံခါးတွေ အကုန်ပိတ်ထားပြီး ရဲတွေကိုလည်း အတွေ့မခံဘဲ အပေါ်ထပ်မှာ ပုန်းအောင်းကာ ရဲနဲ့အပြန်အလှန်ပြောဆိုနေပုံတွေကို ဖေ့စ်ဘုတ်လိုက်ဖ်လွှင့်နေခဲ့ပါတယ်။ သူက ရဲတွေအတင်းဝင်ဖမ်းရင် ပြန်ပစ်မယ်လို့ ခြိမ်းခြောက်ခဲ့ပြီး  သူအဖမ်းခံဖို့ ၂ နာရီကြာ ညှိနှိုင်းလို့မရတဲ့အဆုံး ဒီဇင်ဘာ ၃၀ ရက် ညနေ ၆ နာရီခွဲလောက်မှာမှ ၀င်ရောက်စီးနင်း ဖမ်းဆီးလိုက်ပါတယ်။ သေနတ်ပစ်ရတာနဲ့ပတ်သက်ပြီး သူက ဖျော်ဖြေပွဲအောင်မြင်ခြင်း အထိမ်းအမှတ်နဲ့ ပစ်ဖောက်တာဖြစ်ကြောင်း၊ ဆီးစစ်ရာမှာ ခရမ်းရောင်ဖြစ်နေတာကတော့ အိပ်ဆေးသုံးထားတာလို့ သူက ရဲတွေကို ပြောပါတယ်။ ဒါပေမယ့် ထိုင်းအမျိုးသားရဲတပ်ဖွဲ့ကတော့ သူ့ကို ခွင့်ပြုချက်မရှိဘဲ လက်နက်ကိုင်ဆောင်မှု၊  ခွင့်ပြုချက်မရှိဘဲ အများပြည်သူတွေကြားထဲ လက်နက်ယူဆောင်လာမှု၊ ခွင့်ပြုချက်မရှိဘဲ သေနတ်ပစ်ဖောက်မှုတွေနဲ့ အမှုဖွင့်ထားပါတယ်။ ပြစ်မှုထင်ရှားရင် သူဟာ ထောင်ဒဏ် ၅ နှစ် ကျခံရဖွယ်ရှိနေပါတယ်။ လက်ရှိ အသက် ၄၃ နှစ်ရွယ် Sek Loso ခေါ် ဆစ်ဆန်ဆုခ်ပီမိုင် ဟာ ၁၉၉၆ ခုနှစ်ကတည်းက Loso တီးဝိုင်းကို ထူထောင်ပြီး ရော့ခ်အဲန်ရိုးလ်သီချင်းတွေနဲ့ လူကြိုက်များရေပန်းစားကာ ကနေ့ထိလည်း အယ်လ်ဘမ်သစ်တွေ သီဆိုထုတ်လုပ်နေပါတယ်။

A d v e r t i s e m e n t With Us

More News
Up