ရွှေလုပ်ကွက်ကြောင့် စိုက်ခင်းများပျက်စီးမှု ကုမ္ပဏီများကို တရားစွဲမည်
DVB
·
April 26, 2012
စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်ရှိ လယ်ယာမြေတွေပေါ်မှာ ရွှေတူးခွင့်ချပေးတာကြောင့် စိုက်ခင်းတွေ ပျက်စီးနေတဲ့ကိစ္စ ကုမ္ပဏီတွေကို တရားစွဲဆိုဖို့ လယ်သမားတွေက ပြင်ဆင်နေပါတယ်။
ဟုမ္မလင်း အာဏာပိုင်တွေက ၂၀၁၁ ခုနှစ် နိုဝင်ဘာမှာ ဝေဖလာအင်း ပတ်ဝန်းကျင်က ရွှေထွက်တဲ့ လယ်ယာမြေတွေမှာ အသေးစား ကုမ္ပဏီတွေကို လုပ်ကွက်အဖြစ် တလကို ရွှေ ၂ ကျပ်သား အခွန်ခနဲ့ လုပ်ကွက်ချပေးခဲ့ပါတယ်။ ဒါကို အဲဒီလယ်တွေမှာ လုပ်ကိုင်စားသောက်နေတဲ့ လယ်သမားတွေက သက်ဆိုင်ရာကို တိုင်တန်းလို့ တားမြစ်ခဲ့တဲ့အတွက် ကုမ္ပဏီတွေရဲ့ ရွှေရှာတဲ့ လုပ်ငန်း ရပ်နားခဲ့ပါတယ်။
အဲဒီအခါမှာ လယ်သမားတွေက နွေစပါးပြန်စိုက်ခဲ့ပြီး အပင်တွေ ကြီးထွားလာချိန် ဇန်နဝါရီလမှာ ကုမ္ပဏီတွေက သူတို့ရဲ့ ရွှေရှာဖွေတဲ့လုပ်ငန်းကို ပြန်လည် လုပ်ကိုင်ကြပါတယ်။
အခု ရွှေကျင်ရာကနေထွက်လာတဲ့ နွံရေတွေ လယ်ယာမြေကို ဖုံးလွှမ်းပြီး စိုက်ပျိုးသီးနှံတွေ ပျက်စီးကုန်တဲ့အတွက် ကုမ္ပဏီတွေကို တရားစွဲဆိုသွားမယ်လို့ ဟုမ္မလင်းက လယ်သမားအရေး ဆောင်ရွက်ပေးနေသူ ဒေါ်စန်းစန်းဝင်းက လက်ရှိ ဖြစ်ပေါ်နေတဲ့ အခြေနေကို အခုလို ပြောပါတယ်။
“စိုက်ပြီးတော့မှ ဘယ်မှာ ပြန်ဖြစ်သလဲဆိုရင် ဇန်နဝါရီလထဲ ရောက်တဲ့အခါကျတော့ သူတို့ မျှောစတိုက်ပြီ။ စတိုက်တော့ ခြံတွေကို ဖျက်တယ်၊ မျှောနွံတွေ အဲဒီမှာ ဖုံးသွားတယ်။ ကျမတို့က တကြိမ်ပြန်ပြီးတော့မှ ကြိုးစားလိုက်တဲ့အခါကျတော့ အဲဒီက အထွေထွေအုပ်ချုပ်ရေးမှူး ဥက္ကဋ္ဌ ကိုယ်တိုင်ကပဲ မျှောတွေကို ရပ်နားဖို့ တားမြစ်စာ ပို့ပေးတယ်။ ဒါပေမယ့်လို့ ကျမ ဥပမာအနေနဲ့ ပြောရရင်ပေါ့နော် အောင်တိုင်းစံ ကုမ္ပဏီကတော့ ရပ်နားပေး ပြီးတော့မှ စွမ်းထက်ဝင်းကုမ္ပဏီကတော့ အခုအချိန်ထိ တိုက်လိုက်တာ ဒီတောင်သူတွေ စိုက်ထားတဲ့ လယ်မြေအားလုံးနီးပါးက ပျက်စီးသွားပါပြီ။”
အခြေအနေကို လယ်သမားတွေက အုပ်ချုပ်ရေးမှူးထံ တင်ပြပေမယ့်လည်း လက်ရှိမှာတော့ ကုမ္ပဏီ ၆ ခုလောက်က ဆက်လက် လုပ်ကိုင်နေတယ်လို့ ဆိုပါတယ်။
ဝေဖလာအင်း ပတ်ပတ်လည် ရေတိမ်တဲ့နေရာတွေမှာ တောင်သူတွေ စိုက်ပျိုးလုပ်ကိုင်နေတာ နှစ်ပေါင်း ၂၀ နီးပါးရှိခဲ့ပြီလို့လည်း သူမက ပြောပါတယ်။
လယ်သမားတွေက လယ်ယာမြေပြန်ရဖို့ မြို့နယ်အာဏာပိုင်တွေထံကို တိုင်တန်းခဲ့ပေမယ့် မထိရောက်ခဲ့ဘူးလို့လည်း သူမက ဆိုပါတယ်။
အစိုးရသစ်ကို အာဏာလွှဲပြောင်းပေးပြီးတဲ့ နောက်မှာတော့ အရင် စစ်အစိုးရလက်ထက်က လယ်ယာမြေသိမ်းယူမှုတွေကို တိုင်တန်းပြောဆိုတာတွေ များပြားလာပါတယ်။