ဖုန်းပျောက်သဖြင့် ထိုင်းမိန်းကလေးငယ်တဦး ကိုယ့်ကိုယ်ကိုယ် ဆွဲကြိုးချသတ်သေ

2K
ထိုင်းနိုင်ငံမြောက်ပိုင်း ဥဒွန်းဌာနီခရိုင်မှာ ဆယ်ကျော်သက် မိန်းကလေးတဦး လက်ကိုင်ဖုန်းပျောက်သွားလို့ သူ့ကိုယ်သူ ဆွဲကြိုးချ သေကြောင်းကြံစည်သွားခဲ့ပါတယ်။
၂၀၁၇ ဒီဇင်ဘာလ ၃၁ ရက် ည ၁၀ နာရီလောက်က ဘန့်ဖေမြို့ ပြည်သူ့ဆေးရုံကြီးမှာ လူနာမိန်းကလေးတဦး ဆွဲကြိုးချဆုံးပါးသွားကြောင်း အကြောင်းကြားချက်အရ တာဝန်ရှိသူတွေနဲ့အတူ သွားရောက်စစ်ဆေးခဲ့တယ်လို့ ဘန့်ဖေနယ်မြေရဲစခန်း တာဝန်ကျရဲအုပ်က သတင်းထောက်တွေကို ပြောပါတယ်။
စစ်ဆေးချက်အရ သေဆုံးသူမိန်းကလေးမှာ အသက် ၁၈ နှစ်ရွယ် နောင့်ကျဲန်းဆိုသူဖြစ်ပြီး သူငယ်ချင်းဖြစ်သူ ပြောပြချက်အရ ယမန်နေ့ ညက သူ့အိမ်မှာ သူငယ်ချင်းတွေစုပြီး နှစ်သစ်ကြိုဖို့ သောက်စားကြကြောင်း၊ အရက်ဝိုင်းဖွဲ့သောက်စဉ် သေဆုံးသူက သူ့လက်ကိုင်ဖုန်း ပျောက်ဆုံးသွားလို့ လွန်စွာနှမျောကြောင်း ထပ်ခါတလဲလဲပြောဆိုနေတယ်လို့ ဆိုပါတယ်။
သူငယ်ချင်းတွေက နားချပေမယ့် စိတ်မဖြေနိုင်ဘဲ အိမ်ပေါ်ထပ်တက်သွားကြောင်း၊ သူမအပေါ်တက်သွားတာ အတန်ကြာပေါ်မလာလို့ သူ့အိပ်ခန်းထဲ ၀င်ကြည့်တော့ စောင်အပါးတထည်နဲ့ လည်ပင်းမှာ ဆွဲကြိုးချနေတာတွေ့လို့ ဆေးရုံကို အမြန်ခေါ်ခဲ့ရာမှာ အိုင်စီယူအခန်းထဲမှာပဲ သေဆုံးသွားတယ်လို့ ဆိုပါတယ်။
မိခင်ဖြစ်သူက သမီးဖုန်းပျောက်တာ အသစ်ဝယ်ပေးမှာဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံမယ်လို့ လုံးဝထင်မထားကြောင်း၊ သူမမှာ မုဆိုးမဖြစ်ပြီး သမီးနှစ်ယောက်ကို တယောက်တည်း ကျွေးမွေးပြုစုလာကြောင်း၊ သေဆုံးသူမှာ သမီးငယ်ဖြစ်ပြီး စာတော်ကာ ရည်းစားလည်း မထားတတ်ကြောင်း၊ မထင်မှတ်ဘဲ ခုလိုဖြစ်သွားတာ လွန်စွာယူကျုံးမရ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့ကို ပြောသွားပါတယ်။
ရဲတပ်ဖွဲ့ကတော့ သူမဟာ စိတ်ညစ်တာနဲ့ အရက်မူးတာ ရောနှောပြီး စိတ်လွတ်ကိုယ်လွတ် ဖြစ်သွားတာလို့ သုံးသပ်ကာ သေမှုသေခင်းနဲ့ အမှုဖွင့်ထားပါတယ်။