အင်ဒိုနီးရှား အသက်မပြည့်မိန်းကလေးများနှင့် လိင်ဆက်ဆံသည့် ဂျပန်စားဖိုမှူး ဖမ်းဆီးခံရ

အင်ဒိုနီးရှားနိုင်ငံရဲ့ မြို့တော်မှာ အသက် ၄၉ နှစ်အရွယ် ဂျပန်စားဖိုမှူးက အသက်မပြည့်တဲ့ မိန်းကလေး ၂ ဦးနဲ့ လိင်ဆက်ဆံတာ သံသယရှိလို့ ဖမ်းဆီးလိုက်တယ်လို့ ဒေသခံသတင်းဌာနက ဒီဇင်ဘာလ ၃၁ ရက်နေ့မှာ ပြောလိုက်ပါတယ်။ ဂွန်ဇာဘူရိုလို့လည်းခေါ်တဲ့ ဂျပန်အမျိုးသား အာကီရာအန်ဒိုကို သူအလုပ်လုပ်နေတဲ့ ဂျကာတာတောင်ပိုင်းက စားသောက်ဆိုင်မှာ ဒီဇင်ဘာ ၃၀ ရက်နေ့က ဖမ်းဆီးလိုက်တာလို့ ဂျကာတာတောင်ပိုင်း ရဲဌာန ပြောရေးဆိုခွင့်ရှိသူ ပူဝါဝန်တာပြောတာကို သတင်းထုတ်ပြန်ခဲ့ပါတယ်။ သူက သူ အလုပ်လုပ်နေတဲ့ စားသောက်ဆိုင်နားက လမ်းဘေးဈေးသည် အသက် ၁၁ နှစ်နဲ့ ၁၃ နှစ်အရွယ် မိန်းကလေး ၂ ဦးကို ငွေကြေးပေးပြီး လိင်ဆက်ဆံခဲ့တာပါ။ အသက်မပြည့်တဲ့ မိန်းကလေးငယ်တွေကို နိုင်ငံခြားသားတွေနဲ့ လိင်ဆက်ဆံမှု ပြုစေတဲ့ ပြည့်တန်ဆာခေါင်းအုပ်စုတွေကို စုံစမ်းစစ်ဆေးရင်း ဒီလိုစုံစမ်းဖော်ထုတ်နိုင်ခဲ့တာလို့ ရဲတွေက ပြောပါတယ်။ “ရဲတွေက ခံရသူ မိန်းကလေးငယ်တဦးရဲ့မိခင် တိုင်ကြားမှုကနေ ဒီရာဇဝတ်မှု ကျူးလွန်ခဲ့သူတွေကို ဖမ်းမိခဲ့တာ” လို့ ရဲပြောရေးဆိုခွင့်ရှိသူ ပူဝါဝန်တာက ပြောပါတယ်။ ဂျပန်စားဖိုမှူး အန်ဒိုက မိန်းကလေး တဦးစီနဲ့ လိင်ဆက်ဆံဖို့ ထိုင်းဘတ်ငွေ ၄၈၀၀ နဲ့ ညီမျှတဲ့ အင်ဒိုနီးရှားငွေ ၂ သန်းကို ပေးခဲ့တာပါ။ သူ့ကို ၂၀၁၄ ခုနှစ် ကလေးသူငယ် ကာကွယ်ရေး “ကလေးသူငယ်များကို ညစ်ညမ်းမှုပြုလုပ်အောင် စွဲဆောင်မှု” ဥပဒေနဲ့ တရားစွဲဆိုထားပြီး အကယ်၍ သူအပြစ်ထင်ရှားရင် ထောင်ဒဏ် ၁၅ နှစ်နဲ့ အင်ဒိုနီးရှားငွေ သန်း ၅ ထောင် ဒဏ်ငွေဆောင်ရနိုင်တယ်လို့ သိရပါတယ်။ ဥပဒေမှာ ကလေးငယ်ကို နမ်းရှုံ့တာ၊ ခန္ဓာကိုယ်ကို တို့ထိတာ၊ ကျူးလွန်သူ လိင်စိတ်ကျေနပ်ဖို့အတွက် ကလေးငယ်ရဲ့ရင်သားနဲ့ မိန်းမကိုယ်တွေကို တို့ထိတာတွေ ပါတယ်လို့ သိရပါတယ်။ ကလေးတွေနဲ့ လိင်ဆက်ဆံဖို့ ဆက်သွယ်ပေးတဲ့ ပြည်တန်ဆာခေါင်းအုပ်စုတွေရဲ့ နိုင်ငံခြားဖောက်သည်တွေကိုလည်း ရဲတွေက လိုက်လံရှာဖွေနေတယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဒီဇင်ဘာလ ၃၁ ရက်နေ့က ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up