Home
မြန်မာသတင်း
နိုင်ငံ့ခေါင်းဆောင်များ၏ နှစ်သစ်ကူးစကားများ
DVB
·
January 1, 2018
၂၀၁၈ ခုနှစ် နှစ်သစ်ရဲ့ နှစ်ဆန်းရက်ဖြစ်တဲ့ ဇန်န၀ါရီ ၁ ရက် ဒီနေ့မှာ နိုင်ငံ့ ခေါင်းဆောင်အသီးသီးရဲ့ နှစ်သစ်ကူး နှုတ်ခွန်းဆက်အမှာစကားတွေ ထွက်ပေါ်ခဲ့ပါတယ်။ နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတနှစ်ဦး၊ လွှတ်တော်ဥက္ကဋ္ဌနှစ်ဦးနဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တို့ရဲ့ ၂ဝ၁၈ ခုနှစ် နှစ်သစ်ကူး နှုတ်ခွန်းဆက် အမှာစကားတွေ ထွက်ပေါ်ခဲ့ပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နှစ်သစ်စကားတော့ အခုနှစ်မှာ ထွက်ပေါ်လာတာ မတွေ့ရပါဘူး။ သမ္မတဦးထင်ကျော်က နိုင်ငံရင်ဆိုင်ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုများ ကျော်လွှားနိုင်ရေး ပြည်သူများ ပူးပေါင်းပါဝင်ကြဖို့ တိုက်တွန်း ပြောကြားခဲ့ပါတယ်။ ဒု ဒုတိယသမ္မတ ဦးမြင့်ဆွေကလည်း အခက်အခဲတွေ ဘယ်လိုပဲ ရှိရှိ ပြည်သူ့စွမ်းအားနဲ့ အင်တိုက်အားတိုက် ကြိုးပမ်းဆောင်ရွက်ကြမယ်ဆိုရင် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကြီး အောင်မြင်စွာ တည်ဆောက်နိုင်လို့ ပြောပါတယ်။ အလားတူ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက နှစ်ဟောင်းက အတွေ့အကြုံတွေကို သင်ခန်းစာယူပြီး နှစ်သစ်ရဲ့ စိန်ခေါ်မှုတွေကို အခွင့်အလမ်းများအဖြစ် ပြောင်းလဲနိုင်ဖို့၊ အဲဒီကဆက်ပြီး ရလဒ်ကောင်းတွေရရှိနိုင်ဖို့ ကြိုးပမ်း ဆောင်ရွက်ကြရမယ်လို့ နှုတ်ခွန်းဆက်စကား ပြောပါတယ်။ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်ကတော့ ဒီမိုကရေစီပန်းတိုင်သို့ လျှောက်လှမ်းတဲ့ ခရီးလမ်းမှာ တွေ့ကြုံရနိုင်တဲ့ အခက်အခဲအကျပ်အတည်းနဲ့ စိန်ခေါ်မှုများကို အောင်မြင်စွာ ကျော်လွှားနိုင်ရန်အတွက် ပြည်သူလူထုရဲ့ အားပေးထောက်ခံမှု၊ ပံ့ပိုးကူညီမှုများနဲ့အတူ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ဆောင်ရွက်လျက်ရှိတယ်လို့ ပြောပါတယ်။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းကလည်း  ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တိုင်းမှာ တိုင်းရင်းသားပြည်သူအားလုံး မိမိတို့ကျရာ အခန်းကဏ္ဍမှ အတူတကွ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် တွဲလက်မဖြုတ်စတမ်း ကြိုးပမ်းဆောင်ရွက်သွားကြဖို့ တိုက်တွန်းပြောကြား ခဲ့ပါတယ်။ နိုင်ငံတော်အတွင်း ရခိုင်အရေး စိန်ခေါ်ချက် အပါအ၀င် နိုင်ငံ့စီးပွားရေးကဏ္ဍ မျှော်မှန်းသလောက် တိုးတက်မှုမရှိတာ စတဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖြေရှင်းနေရချိန်မှာ နိုင်ငံ့ခေါင်းဆောင်တွေရဲ့ နှစ်သစ်ကူးစကားတွေ အခုလို အသီးသီး ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024