သြစတြေးလျနိုင်ငံ ဆစ်ဒနီမြစ်အတွင်း လေယာဉ်ပျက်ကျ၊ ၆ ဦး သေဆုံး
သြစတြေးလျနိုင်ငံ ဆစ်ဒနီမြစ်အတွင်း ဒီဇင်ဘာလ ၃၁ ရက်နေ့က လေယာဉ်တစင်း ပျက်ကျခဲ့တဲ့အတွက် လူ ၆ ဦး သေဆုံးခဲ့ပါတယ်။
သေဆုံးခဲ့သူတွေဟာ ခရီးသည် ၅ ဦးနဲ့ လေယာဉ် ပိုင်းလော့တို့ ဖြစ်ကြပါတယ်။ အဲဒီ ရှုခင်းကြည့် ခရီးစဉ်လေကြောင်း ၀န်ဆောင်မှုကို Sydney Seaplanes ဆိုတဲ့ နာမည်ကြီး ခရီးသွားလုပ်ငန်းက လုပ်ကိုင်နေတာဖြစ်ပါတယ်။
အဲဒီလေယာဉ်ဟာ ခရီးသည် ၅ ဦး လိုက်ပါခဲ့ပြီး ဆစ်ဒနီမြောက်ပိုင်း စားသောက်ဆိုင်ကနေ အရှေ့ပိုင်းရှိ လေယာဉ်ခရီးသွားဝန်ဆောင်မှုရုံးကို ပြန်လာစဉ် ရေထဲ ပျက်ကျပြီး ချက်ချင်း နစ်မြုပ်ခဲ့တာလို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။
အမည်မဖော်လိုသူတဦးက “လေယာဉ်ထဲမှာ လူတွေ ထိုင်နေတာကို တွေ့တယ်။ ဒါပေမယ့် ရှေ့ပိုင်းကိုပဲ တွေ့တာပါ။ ကျန်တာ မမြင်ဘူး။ လေယာဉ်မှူးပဲ မြင်တယ်” လို့ ပြောခဲ့ပါတယ်။
နာမည်ကြီး ပုဂ္ဂိုလ်အများအပြားဟာ Sydney Seaplanes ရဲ့ ရှုခင်းကြည့် ခရီးစဉ်လေကြောင်း ၀န်ဆောင်မှုကို အသုံးပြုဖူးတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။