နောင်ပြောင်ပြီး အရေးပေါ်ဖုန်းခေါ်မှုကြောင့် အမျိုးသားတဦး မှားယွင်းပစ်ခတ်ခံရ သေဆုံး

နောက်ပြောင်ကာ ရဲတွေကို အထူးလက်နက်အပြည့်အစုံ (SWAT) နဲ့ လာဖို့ အရေးပေါ် ခေါ်ဆိုခဲ့လို့ ရဲတွေက အသက် ၂၈ နှစ်အရွယ် အပြစ်မရှိတဲ့ အမျိုးသားတဦးကို မှားယွင်းပစ်ခတ်ရာမှ သေဆုံးမှု ဖြစ်ပွားခဲ့ပါတယ်။
အမေရိကန်နိုင်ငံ ကန်းဆက်ပြည်နယ် ဝီချီတာမြို့မှာ ဒီဇင်ဘာလ ၂၈ ရက်နေ့က အပြစ်မဲ့တဲ့ အန်ဒရူးဖစ်ခ်ျဆိုတဲ့ အမျိုးသားကို သူ့ရဲ့အိမ်ရှေ့တံခါးမှာ ရဲတွေက သေနတ်နဲ့ ပစ်ခတ်မိသွားတာပါ။
နောင်ပြောင်တဲ့ အမျိုးသားက သူ့ဖခင်ဟာ သူ သေနတ်နဲ့ပစ်လို့ သေနတ်ထိမှန် သေဆုံးသွားတယ်၊ သူ့ရဲ့ မိသားစုကိုတော့ ဓားစာခံလုပ်ထားပြီး အိမ်ကိုလည်း ဓာတ်ဆီလောင်းထားတယ်၊ အိမ်ကို မီးတင်ရှို့မယ်၊ ဒါကြောင့် အရေးပေါ်လာကြဖို့ နောင်ပြောင်ခဲ့တဲ့ ဖုန်းကို ရဲတွေက လက်ခံရရှိပြီး အိမ်ကို ရဲတွေ ဝိုင်းခဲ့ကြပြီး မှားယွင်းပစ်ခဲ့ကြတာပါ။
ဖုန်းခေါ်ဆိုမှုက အွန်လိုင်းပေါ် Call of Duty ဆိုတဲ့ ဂိမ်းကစားနည်းကို ကစားကြတဲ့ လူ ၂ ဦး အပြန်အလှန်ပြောဆိုမှုကနေ အခြေခံခဲ့တာလို့ အမေရိကန် သတင်းဌာနတွေက ပြောပြီး ရဲတွေ ဝိုင်းတဲ့ အိမ်လိပ်စာကတော့ နောက်ပြောင်သူတွေနဲ့ လုံးဝ အဆက်အစပ် မရှိဘူးလို့ ဆိုပါတယ်။
စုံစမ်းစစ်ဆေးမှုတွေအရ ဒီဇင်ဘာ ၂၉ ရက်နေ့မှာ တိုင်လာဘရစ်ဆိုတဲ့ အသက် ၂၅ နှစ်အရွယ် အမျိုးသားကို လော့စ်အိန်ဂျလိ့စ်ရဲတွေက ဖမ်းဆီးလိုက်တယ်လို့ သိရပြီး ဘရစ်စ်က ၂၀၁၅ ခုနှစ်မှာ ဒေသခံတီဗွီသတင်းဌာနကို ဗုံးခွဲမယ် ခြိမ်းခြောက်မှုနဲ့ တရားစွဲဆိုခံခဲ့ရသေးတယ်လို့ ဘီဘီစီသတင်းမှာ ဒီဇင်ဘာ ၃၁ ရက်နေ့က ဖော်ပြထားပါတယ်။