ပဲစားပွဲတော် ကန့်ကွက်ခဲ့မှု တောင်းပန်ရန် မလိုဟု စားသုံးသူကာကွယ်ရေးပြော
ပိုင်စိုး
·
December 31, 2017
ပဲတွေမှာ ပိုးသတ်ဆေးဓာတ်ကြွင်းတွေ ကျန်တယ်ဆိုတာဟာ နစ်နာစေလိုတဲ့သဘော မဟုတ်တာကြောင့် တောင်းပန်ဖို့ မလိုဘူးလို့ စားသုံးသူကာကွယ်ရေးအသင်း ဥက္ကဋ္ဌက ပြောပါတယ်။
အိန္ဒိယက ပဲဝယ်တာရပ်လိုက်တဲ့ နောက်ပိုင်း ပြည်တွင်းမှာ ပဲစားသုံးတာ မြင့်လာဖို့ လုပ်နေတဲ့ ပဲစားပွဲတော်တွေကို အသင်းက ကန့်ကွက်ခဲ့တာပါ။ ဒီကန့်ကွက်စာမှာ ပဲတွေကို သဘာဝနည်းလမ်းတွေနဲ့ စိုက်ပျိုးထုတ်လုပ်ဖို့ပညာပေးတာကို မဆောင်ရွက်ဘဲ ရောင်းမကုန်တဲ့ ပိုးသတ်ဆေးဓာတ်ကြွင်း ပဲတွေကို ပြည်တွင်းမှာ ရောင်းချဖို့ ရည်ရွယ်လုပ်ဆောင်နေတယ်လို့ ဖော်ပြထားပါတယ်။
ဒီထုတ်ပြန်ချက်အပေါ်မှာ ပြန်တောင်းပန်ဖို့နဲ့ မတောင်းပန်ဘူးဆိုရင် တရားစွဲဆို သွားမယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စားသုံးသူရေးရာ ဦးစီးဌာနက ကြေညာပါတယ်။
စားသုံးသူကာကွယ်ရေးအသင်း ဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က “ကျနော်တို့ ထုတ်ပြန်ခဲ့တာက ပဲစိုက်ပျိုး ထုတ်လုပ်သူတွေကို နစ်နာစေလို့တဲ့ သဘောမဟုတ်ဘူး။ ဌာနဆိုင်ရာတွေကို ပြည်သူတွေက အထင်အမြင်လွဲစေဖို့ မဟုတ်ဘူး။ အော်ဂဲနစ်နည်းလမ်းတွေနဲ့ စိုက်ပျိုးထုတ်လုပ်လာစေဖို့ ပြောခဲ့တာပါ။ ပြန်တောင်းပန်ဖို့ မရှိပါဘူး” လို့ ပြောပါတယ်။
ဒါ့အပြင် ခုလို တရားစွဲဆိုလို ဒီပြဿနာတွေ ပြေလည်စေမှာ မဟုတ်ဘဲ ပြည်သူနဲ့ အစိုးရကြား၊ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ဌာနဆိုင်ရာတွေအကြား ပြဿနာ ပိုကြီးစေမယ်လို့လည်း သူက ဆိုပါတယ်။
စားသုံးသူရေးရာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးလှမော်ဦးက ပဲတွေမှာ ဓာတ်ကြွင်းတွေ များတယ်လို့ ပြောရအောင် စားသုံးသူကာကွယ်ရေးအသင်းမှာ ဓာတ်ခွဲခန်းရှိလို့လားလို့ ပြောတဲ့အကြောင်း ပြန်ကြားရေး သတင်းမှာ ဖော်ပြထားပါတယ်။
ပြီးတော့ သတ်မှတ်ထားတဲ့ရက် (ဒီဇင်ဘာ ၃၁ အတွင်း) အတိုင်း မတောင်းပန်ဘူးဆိုရင် တရားဥပဒေအတိုင်း တရားစွဲဆိုသွားမယ်လို့လည်း ဖော်ပြပါတယ်။
ဦးဗအုပ်ခိုင်က “ပဲတွေကို စိုက်ကတည်းက ပိုးသတ်ဆေးသုံးတယ်။ လှောင်တဲ့ အခါမှာလည်း သုံးတယ်။ ပိုးသတ်ဆေးတွေရဲ့ အငွေ့ကြောင့် ပဲဂိုဒေါင်အပေါ်မှာ အိပ်တဲ့ ကြက်တွေတောင် သေတယ်လို့ စိုက်တဲ့ တောင်သူတွေ၊ ကုန်သည်တွေက ကျနော်တို့ကို ပြောထားတယ်။ ဓာတ်ကြွင်းတွေ ပါတယ်ဆိုတာ စစ်စရာတောင် မလိုတော့ဘူး။ တကယ်လို့ တရားစွဲတာတွေ ဖြစ်လာရင်တော့ နိုင်ငံခြားက ဓာတ်ခွဲခန်းတွေကိုပို့ပြီး စစ်ဆေးသွားမယ်” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လမှာ အိန္ဒိယက ပဲဝယ်တာကို ကန့်သတ်လိုက်လို့ မြန်မာနိုင်ငံကထွက်တဲ့ မတ်ပဲ၊ ပဲတီစိမ်းတွေ ဈေးကွက်ပျောက်ခဲ့တာ ဖြစ်ပါတယ်။