Home
မြန်မာသတင်း
ကေအန်ပီပီ ရဲဘော်အချို့အသတ်ခံရမှု အမြန်ဆုံးအရေးယူပေးရန် တောင်းဆို
ပိုင်စိုး
·
December 31, 2017
ကေအန်ပီပီရဲဘော် သုံးယောက်နဲ့ ရွာသားတယောက်ကို တပ်မတော်က ဖမ်းဆီး သတ်ဖြတ် အလောင်းဖျောက်လိုက်တာဟာ အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးကို အများကြီး ထိခိုက်နိုင်လို့ အစိုးရအနေနဲ့ အမြန်ဆုံး အရေးယူဆောင်ရွက်ပေးဖို့ ကယားပြည်နယ် အခြေစိုက် ပါတီနှစ်ခုက ပူးတွဲ ကြေညာတောင်းဆိုလိုက်ပါတယ်။ ဒီဇင်ဘာ ၁၉ ရက်နေ့က တပ်မတော် ရိက္ခာပို့ယာဉ်ကို ကေအန်ပီပီရဲဘော်တွေက စစ်ဆေးခဲ့ပြီးနောက် တပ်မတော်က အဲဒီဂိတ်ကို ဝိုင်းပြီး ရဲဘော် ၃ ယောက်နဲ့ ရွာသား ၁ ယောက်ကို သတ်လိုက်တာပါ။ အလောင်းတွေ ပြန်တောင်းရာမှာလည်း အရိုးအိုးတွေကိုပဲ ပြန်ပေးခဲ့ပါတယ်။ ဒါဟာ ဒေသတွင်း စစ်ရေး တင်းမာတာတွေအထိ ဖြစ်လာနိုင်တာကြောင့် ဒေသခံတွေ စိုးရိမ်နေကြတယ်လို့ ကယန်းအမျိုးသားပါတီ ဥက္ကဋ္ဌ ခွန်းဘီထူးက ပြောပါတယ်။ “လက်နက်ကိုင် တပ်ဖွဲ့ဝင်တွေတောင် အခုလို သတ်ဖြတ်ခံရရင် လူထုဆိုရင် အကာအကွယ်မဲ့နေပြီပေါ့။ ၂၀၁၂ ခုနှစ် နောက်ပိုင်းမှာတော့ ဒီဖြစ်စဉ်ဟာ ထူးထူးခြားခြားကို ဖြစ်တာပါ။ လက်ရှိ ငြိမ်းချမ်းရေး ဖြစ်စဉ်တွေ မပျက်စီးဖို့ အစိုးရရော တပ်မတော်ရော အမြန်ဆုံး ဆောင်ရွက်ပေးဖို့ တောင်းဆိုတာပါ” လို့ ဒီဗွီဘီကို ပြောပါတယ်။ ကယန်းအမျိုးသားပါတီ၊ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီနဲ့ ပြည်နယ်တွင်းက နိုင်ငံရေး အင်အားစုတွေရဲ့ ပူးတွဲထုတ်ပြန်ချက်မှာ သတ်ဖြတ်တာနဲ့ အလောင်းဖျောက် မီးရှို့ရာမှာ ပါတဲ့သူ အားလုံးကို ပွင့်လင်းမြင်သာစွာနဲ့ အမြန်ဆုံး တရားစီရင်ပေးဖို့ အစိုးရနဲ့ တပ်မတော်ကို တောင်းဆိုထားပါတယ်။ ပြီးတော့ ဒီကိစ္စနဲ့ ပတ်သက်တဲ့ သတင်းနဲ့ ဓာတ်ပုံတွေကို ပြည်နယ်နဲ့ ပြည်ထောင်စု အစိုးရတွေက အမြန်ဆုံး ထုတ်ပြန်ပေးဖို့လည်း တောင်းဆိုပါတယ်။ တပ်မတော်ကတော့ ဒီအတွက် ခုံရုံးဖွဲ့ စစ်ဆေးမယ်လို့ ဆိုထားပါတယ်။ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ စိုင်းနိုင်နိုင်ထွေးက “ကျူးလွန်ခဲ့တာကို တာဝန်ရှိရှိ ဖြေရှင်းပေးဖို့ လိုပါတယ်။ ဒါဟာ နိုင်ငံရေး ပြဿာနာ မဖြစ်လာအောင်၊ ယုံကြည်မှု ပြန်တည်ဆောင်နိုင်မယ့် အခင်းအကျင်းမျိုး ဖြစ်လာအောင် တွန်းအားပေးတာပါ။ လက်ရှိ အချိန်ထိကတော့ ပြည်ထောင်စု အစိုးရအနေနဲ့ ဘယ်လို ဖြေရှင်းပေးမယ်ဆိုတာမျိုးကို မတွေ့ရသေးပါဘူး” လို့ ပြောပါတယ်။ အခုလို သတ်ဖြတ်ခံလိုက်တာရတာကို အမြန်ဆုံး အရေးယူပေးဖို့ ဒီဇင်ဘာ ၂၂ ရက်နေ့က လွိုင်ကော်မြို့ပေါ်နဲ့ စစ်တပ်ရှေ့မှာ လူငယ်တချို့က ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။ အဲဒီထဲက ခေါင်းဆောင်တွေကို လွိုင်ကော်ကနေ ဒေါ်အောင်ဆန်းစုကြည် ပြန်သွားတဲ့ နောက်နေ့မှာပဲ ရဲတပ်ဖွဲ့က လာရောက် စစ်ဆေးပြီး အမှုဖွင့်ဖို့ ဆောင်ရွက်နေပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024