Home
မြန်မာသတင်း
ခေါင်းက ကွဲသွားရင် အစားပြန်မရဘူး၊ ဆိုင်ကယ်ဦးထုပ်ဆောင်းကြပါ- မွန်ပြည်နယ်ရဲမှူး
DVB
·
December 31, 2017
မွန်ပြည်နယ်မှာ ၂၀၁၇ ခုနှစ်အတွင်း ယာဉ်တိုက်မှု ၈၀၀ ကျော်အထိ ဖြစ်ပွားခဲ့ပြီး မော်တော်ဆိုင်ကယ်နဲ့ ယာဉ်တိုက်မှု ပိုများတာကြောင့် ပြည်သူတွေအနေနဲ့ ဆိုင်ကယ်ဦးထုပ် ဆောင်းကြဖို့ မွန်ပြည်နယ်ရဲမှူးက တိုက်တွန်းလိုက်ပါတယ်။ မွန်ပြည်နယ်မှာ အရင်ကထက် လမ်းအပိုင်းတချို့ ပိုမိုကောင်းမွန်လာပြီး ဆိုင်ကယ်နဲ့မော်တော်ကားတွေ ပေါများလာတဲ့အတွက် ယာဉ်တိုက်မှုတွေ မကြာခဏဖြစ်ပွားနိုင်ကြောင်း၊ ယာဉ်ထိန်းရဲတွေ ဖမ်းဆီးမှာကြောက်ပြီး ဦးထုပ်ဆောင်းနေတာတွေထက် ကိုယ့်ရဲ့ဦးခေါင်းကို တန်ဖိုးထားတဲ့အနေနဲ့ ဦးထုပ်ဆောင်းဖို့ မွန်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ပြည်နယ်ရဲမှူး ၀င်းမြင့်က သတိပေးတိုက်တွန်းလိုက်တာပါ။ “ယာဉ်တိုက်မှု အဖြစ်များတာကတော့ ဆိုင်ကယ်တွေနဲ့ပါ။ ဖုန်းဆိုရင် ကွဲမှာစိုးလို့ ကာဗာတွေတပ်ကြတယ်။ တခြားပစ္စည်းတွေလည်း ဒီလိုပဲ။  အဲဒါတွေ တခုခုပျက်သွားခဲ့ရင် အစားပြန်ရတယ်။ ခေါင်းကတော့ ကွဲသွားရင် အစားပြန်မရဘူး။ ဒါပေမယ့် လူတွေက အဓိကနဲ့ သာမညကို မခွဲတတ်ဘူး။ တန်ဖိုးမထားသင့်တဲ့အရာကို တန်ဖိုးထားတယ်။ တန်ဖိုးထားသင့်တဲ့ ခေါင်းကိုတော့ တန်ဖိုးမထားဘူး။ ဦးထုပ်ဆောင်းခိုင်းတယ်ဆိုတာ ကိုယ့်အသက်အန္တရာယ် ဖြစ်မှာစိုးလို့ ဦးထုပ်ဆောင်းခိုင်းတာပါ။ အထူးသဖြင့် သူတို့အတွက်ပါပဲ။ ကျနော်တို့ ရဲတပ်ဖွဲ့အတွက်မပါပါဘူး။ ကာယကံရှင်ကိုယ်တိုင်လိုက်နာမှပဲ ဒီကိစ္စက အောင်မြင်မှာ ဖြစ်ပါတယ်။” အရင်က ယာဉ်ကြီးနဲ့ယာဉ်ငယ် ယာဉ်တိုက်မှုဖြစ်ရင် ယာဉ်ကြီးကိုသာ အပြစ်ရှိတယ်လို့ ခံယူထားကြတဲ့အပေါ် “အခုဆိုရင် မှားတဲ့ဘက်က ယာဉ်စည်းကမ်းမလိုက်နာတဲ့ဘက်ကိုပဲ အရေးယူပါတယ်။ ရပ်နေတဲ့ကားကို ၀င်တိုက်တာကြတော့ ရပ်နေတဲ့ကားက ဘာအပြစ်မှမရှိဘူး။ တိုက်တဲ့လူပဲ အပြစ်ရှိတယ်။ ယာဉ်တွေကို ကျော်တက်တဲ့အခါမှာလည်း ပုံမှန်သွားနေတဲ့ တဖက်ယာဉ်ကြောက ကားကိုသွားတိုက်ရင်လည်း တိုက်တဲ့လူပဲ အပြစ်ရှိတယ်။” လို့ ပြောပါတယ်။ လက်ရှိတွင် မွန်ပြည်နယ်မှာ မီးပွိုင့်အချို့ ချို့ယွင်းမှုတွေရှိပေမယ့် ဦးစားပေးယာဉ်တွေကို ချင့်ချိန်ပြီး ဦးစားပေးကြဖို့နဲ့ ဘတ်ဂျက်မရှိသေးတဲ့အတွက် မီးပွိုင့်တွေ ထပ်တိုးဖို့လည်း မရှိသေးဘူးလို့ ရဲမှူးကပြောပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်က မွန်ပြည်နယ်အတွင်း ယာဉ်တိုက်မှုတွေဟာ ၇၉၄ မှုသာ ဖြစ်ပွားခဲ့ပေမယ့် ၂၀၁၇ ခုနှစ်မှာတော့ ၈၂၀ မှုအထိ ဖြစ်ပွားခဲ့တဲ့အတွက် ၂၆ မှု များလာတယ်လို့ သိရပါတယ်။ စည်းကမ်းမလိုက်နာတဲ့ယာဉ်တွေကို ၂၀၁၆ ခုနှစ်က ၄၁၈၈ မှု တရားစွဲတင်ခဲ့ပြီး ၂၀၁၇ ခုနှစ်မှာ ၅၃၀၉ မှု တရားစွဲတင်ခဲ့ကြောင်း၊ အရင်နှစ်ထက် အမှုပေါင်း ၈၀၀ ကျော် ဖမ်းဆီးအရေးယူခဲ့တယ်လို့ မွန်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးက ပြောပါတယ်။ှူရုံက အာကာမင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024