A d v e r t i s e m e n t With Us

ရုရှားအတိုက်အခံခေါင်းဆောင်၏ ရွေးကောက်ပွဲဝင်ခွင့် အယူခံ ပယ်ချခံရ

ရုရှားနိုင်ငံ တရားလွှတ်တော်ချုပ်က ရုရှားအတိုက်အခံ ခေါင်းဆောင် အလက်ဇီ နာဗယ်လ်နီရဲ့ ရွေးကောက်ပွဲဝင်ခွင့် အယူခံကို ဒီဇင်ဘာ ၃၀ ရက်က ပယ်ချလိုက်ပါတယ်။ မတ်လ ၁၈ ရက်နေ့မှာ ကျင်းပမယ့် သမ္မတရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခွင့်ကို ပိတ်ပင်ထားတဲ့ ဗဟိုရွေးကောက်ပွဲ ကော်မရှင်ရဲ့ ဆုံးဖြတ်ချက်ကို ဆန့်ကျင်ပြီး နာဗယ်လ်နီက အယူခံဝင်ခဲ့တာပါ။ သူဟာ ဆိုင်းငံ့ထောင်ဒဏ် ပြစ်ဒဏ် ချမှတ်ခံထားရသူလည်း ဖြစ်ပါတယ်။ နာဗယ်လ်နီဟာ တရားလွှတ်တော်ချုပ် ကြားနာပွဲကို မတက်ခဲ့ပါဘူး။ သူနဲ့ သူ့ကို ထောက်ခံသူတွေဟာ ပြိုင်ဆိုင်မှုမရှိတဲ့ ရွေးကောက်ပွဲကို အသိအမှတ်ပြုမှာ မဟုတ်ဘူးလို့ တွစ်တာ လူမှုကွန်ရက်ပေါ်မှာ ရေးခဲ့ပါတယ်။ မဲမပေးဘဲ သပိတ်မှောက်ဖို့ကိုလည်း ထပ်ပြီးဆော်သြလိုက်ပါတယ်။ ရုရှား နိုင်ငံရေး အခင်းအကျင်းမှာ ၁၈ နှစ်ကြာ လွှမ်းမိုးထားတဲ့ သမ္မတ ဗလာဒီမီယာ ပူတင်ဟာ သက်တောင့်သက်သာ ပြန်ရွေးကောက်ခံနိုင်မယ်လို့ ထင်မြင်ချက် စစ်တမ်းတွေက ပြသထားပါတယ်။ ဒါပေမယ့် နာဗယ်လ်နီကတော့ သူမပါလို့ ရွေးကောက်ပွဲ ရုပ်ပျက်ဆင်းပျက် ဖြစ်နေတယ်လို့ ပြောပါတယ်။ လတ်တလော နှစ်တွေအတွင်း အစိုးရဆန့်ကျင်ရေး အကြီးမားဆုံး ဆန္ဒပြပွဲတွေထဲက တချို့ကို စီစဉ်ခဲ့တဲ့ နာဗယ်လ်နီဟာ ဒီနှစ်ထဲမှာ ၃ ကြိမ် ထောင်ချခံခဲ့ရပါတယ်။ အများပြည်သူ တွေ့ဆုံပွဲနဲ့ စီတန်းလှည့်လည်မှုဆိုင်ရာ ဥပဒေတွေကို ချိုးဖောက်မှုနဲ့လည်း တရားစွဲခံခဲ့ရပါတယ်။

A d v e r t i s e m e n t With Us

More News
Up