ကေအန်ပီပီ ရဲဘော်များ အသတ်ခံရမှု ဆန္ဒထုတ်ဖော်သူအချို့ အရေးယူခံရဖွယ်ရှိ

ကေအန်ပီပီ ရဲဘော်တွေ အသတ်ခံရတဲ့အပေါ် ဆန္ဒထုတ်ဖော်ခဲ့တဲ့ ဦးဆောင်သူအချို့ ငြိမ်းစုစီနဲ့ ပုဒ်မ-၁၉ နဲ့ တရားစွဲ အရေးယူခံရဖွယ် ရှိနေတယ်လို့ သိရပါတယ်။
လွန်ခဲ့တဲ့ ဒီဇင်ဘာ ၂၀ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ကေအန်ပီပီ ရဲဘော် ၃ ဦးနဲ့ အရပ်သား ၁ ဦးကို ကယားပြည်နယ် ဒေသကွပ်ကဲရေး (လွိုင်ကော်) စစ်ဌာနချုပ် (ဒကစ) လက်အောက်ခံတပ်မှ ဖမ်းဆီးပြီး သတ်ဖြတ်ခဲ့တဲ့အတွက် ဒီဇင်ဘာလ ၂၂ ရက်နေ့က မြန်မာ့တပ်မတော်ကို ရှုတ်ချကြောင်း ဆန္ဒထုတ်ဖော်ခဲ့တဲ့ လူငယ် ဦးဆောင်သူတချို့ကို ငြိမ်းစုစီ ပုဒ်မ (၁၉) နဲ့ တရားစွဲဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။
ဆန္ဒပြပွဲမှာ ပါဝင်ခဲ့တဲ့ ဦးဆောင်သူ လူငယ် ၅ ဦးကို လွိုင်ကော်ရဲစခန်းက ဒီဇင်ဘာ ၃၀ ရက်နေ့က စစ်ချက်လာယူသွားတယ်လို့ ဆန္ဒပြပွဲမှာ ပါဝင်ခဲ့တဲ့ ကိုစစ်မုန်းက ပြောပါတယ်။
“အဓိက သူတို့ ဥပဒေအရ ပေါ့နော်။ ၂ ရက် ကြိုတင်အကြောင်းမကြားတဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ကို စစ်ချက်လာယူတယ်။ ထုံးစံအတိုင်းပေါ့။ လူနာမည်တွေ၊ အသက်တွေ၊ နောက်မိသားစုဝင် ဘယ်နှယောက်လဲ။ အဲဒီလိုမျိုး ယူသွားတယ်ပေါ့နော်” လို့ ပြောပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး လွိုင်ကော်ရဲစခန်းက ဒုရဲမှူး ဦးဌေးဝင်း “တကယ် ဥပဒေအရ သူက အသိပေးတင်ပြရမယ့် ဥစ္စာကို မတင်ပြခဲ့ရင် သူ့သက်ဆိုင်ရာနဲ့ အရေးယူမှာပေါ့နော်။ ဦးဆောင်တဲ့ သူပါပဲ။ ကျန်တာတော့ အရေးယူစရာ မရှိပါဘူး။ ကျနော်တို့က ဥပဒေနဲ့ အညီပဲ ဆောင်ရွက်ပါတယ်။ ကျန်တာတော့ ဘာမှမဖြစ်ပါဘူး။ ဒါကလည်း ဥပဒေအရ ကြိုတင်အကြောင်းကြားမှုမရှိဘဲ၊ ကြိုတင်ပြီးတော့ အသိပေးမှုမရှိဘဲ လုပ်တဲ့အတွက်ကြောင့် ဒါလောက်ပါပဲ” လို့ ပြောပါတယ်။
ကိုစစ်မုန်းက “ကျနော်တို့ ဆန္ဒပြတာက ရာဇဝန်မှုကျူးလွန်တဲ့သူတွေကို မြန်မြန်ဆန်ဆန်အရေးယူအောင် ပြတာပါ။ ကျူးလွန်တဲ့သူတွေကို အရေးမယူသေးပဲ အခုလို တောင်းဆိုတဲ့ သူတွေကို အရေးယူဖို့ လုပ်နေတာက လက်ရှိ ငြိမ်းချမ်းရေး၊ နိုင်ငံရေး အခင်းအကျင်းကို ယုံကြည်ဖို့ ခက်သွားစေပါတယ်။ ငြိမ်းစုစီ ဥပဒေမှာက အရေးယူကို ယူရမယ်လို့ မပါဘူးလေ” လို့ ပြောပါတယ်။
ခွန်းတူးတူးလေး