A d v e r t i s e m e n t With Us

တရုတ် စစ်ရေးရန်လိုမှုကြောင့် ကာကွယ်ရေးဘတ်ဂျက် တိုးမြှင့်မည်ဟု ထိုင်ဝမ်ပြော

တရုတ်ရဲ့ စစ်ရေးရန်လိုမှုတွေ မြင့်တက်လာတာကြောင့် ထိုင်ဝမ်ကာကွယ်ရေး ဘတ်ဂျတ်ကို နှစ်စဉ် တိုးမြှင့်သွားမယ်လို့ ထိုင်ဝမ်သမ္မတ ချန်ယိဝန် က ဒီဇင်ဘာ ၂၉ ရက်က ပြောကြားသွားပါတယ်။ ထိုင်ဝမ်သမ္မတ ချန်ဟာ ပြီးခဲ့တဲ့နှစ်အစောပိုင်း ရွေးကောက်ပွဲအနိုင်ရပြီးကတည်းက တရုတ်ရဲ့ တိုးလာတဲ့ရန်လိုမှုတွေနဲ့  ကြုံတွေ့နေရတာပါ။ တရုတ်သတင်းမီဒီယာတွေမှာ ထိုင်ဝမ်ကျွန်းအနီး တရုတ်တိုက်လေယာဉ်တွေ ပျံသန်းနေပုံတွေကို ထင်ထင်ရှားရှားဖော်ပြခဲ့ကြပါတယ်။ ထိုင်ဝမ်သမ္မတ ချန်ကလည်း တရုတ်ရဲ့ ရန်လိုမှုတွေ တိုးလာတာကို  ငြိမ်နေမှာ မဟုတ်ဘူးလို့ လည်း ပြောကြားထားပေမယ့် တရုတ်ပြည်မကြီးနဲ့ ထိုင်ဝမ်ကြား တင်းမာမှုကို စစ်ရေးအင်အားနဲ့ ဖြေရှင်းလို့ မရဘူးလို့လည်း ပြောကြားထားပါတယ်။ “ကျမတို့ဟာ အစဉ်အမြဲပြောင်းလဲနေတဲ့ ပထဝီနိုင်ငံရေးအခြေအနေနဲ့ ကြုံတွေနေရပါတယ်။ ဒေသတွင်းမှာ တရုတ်ရဲ့ စစ်ရေးတိုးချဲ့လိုတဲ့ အနေအထားဟာလည်း ပိုပိုပြီး သိသာလာပါတယ်။ တရုတ်ရဲ့ သဘောထားကို တရုတ်စစ်တပ်ရဲ့ စစ်ရေးလေ့ကျင့်မှု အကြိမ်ရေးများလာတာကို ကြည့်ရင်သိနိုင်ပါတယ်။ နောက်ပြီး ကိုရီးယားကျွန်းဆွယ်အခြေအနေ၊ အရှေ့အာရှဒေသ ရေပိုင်နက်အငြင်းပွားမှု၊ တောင်တရုတ်ပင်လယ်  အချုပ်အခြားအာဏာ ပိုင်နက်ကိစ္စတွေဟာလည်း အခြေအနေကို ပိုပြီးရှုပ်ထွေးစေပါတယ်။ အမေရိကန်နဲ့ တရုတ်အကြား မဟာဗျူဟာမြောက် လှုပ်ရှားမှုတွေ၊ စီးပွားရေးတိုးတက်မှုနှေးကွေးနေတာတွေနဲ့  ဆက်ပြီးဖြစ်နိုင်ခြေရှိနေတဲ့ နိုင်ငံရေးအခက်အခဲတွေကိုထည့်ပြီး စဉ်းစားလိုက်မယ်ဆိုရင် ထိုင်ဝမ်အနေနဲ့ အမှားလုပ်လို့ သိပ်မရပါဘူး။ “ပြီးခဲ့တဲ့နှစ်မှာ စစ်တပ်ရဲ့ ကိုယ်ကိုယ်ကိုယ် ကျေနပ်နှစ်သက်နိုင်စွမ်းရှိအောင် လုပ်ဆောင်နိုင်မှုကို ပြန်လည် မြှင့်တင်နိုင်ခဲ့ပါတယ်။ တပြိုင်နက်တည်းမှာပဲ ထိုင်ဝမ်အစိုးရက စစ်တပ်ကို ထောက်ပံ့မှုကိုလည်း မြှင့်တင်ထားဆဲပါ။ ဒီကိစ္စက ကျမသမ္မတဖြစ်လာပြီး အကျေနပ်ဆုံးကိစ္စပါ။ ဒါကြောင့် ကျမ အလေးအနက်ကြေညာလိုတာက နှစ်စဉ် စစ်ရေးအသုံးစားရိတ်ကို သင့်တင့်လျောက်ပတ်တဲ့ အတိုင်းအတာအတွင်း တဖြည်းဖြည်းချင်း ဆက်လက်မြှင့်တင်သွားမယ်ဆိုတာပါ။ ကိုယ့်အားကိုယ်ကိုး အမျိုးသားကာကွယ်ရေးဆိုတာ စကားလုံးသက်သက်မဟုတ်ပါဘူး။ ကိုယ့်အားကိုယ်ကိုး အမျိုးသားကာကွယ်ရေးဆိုတာ  နေ့စဉ် ကျမတို့ရဲ့ စွမ်းအားရှိသမျှ လုပ်ဆောင်နေရမယ့်အရာဖြစ်ပါတယ်။” လို့ ထိုင်ဝမ်သမ္မတ ချန်ယိဝန် က ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up