မုံရွာမြို့ဝင်တိုးဂိတ် ငွေတောင်းသည့်ကိစ္စ မကျေနပ်သဖြင့် ၂ နာရီကြာ ကားပိတ်ရပ်

1.9K
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ဝင် ရွှေတောင်ကုမ္ပဏီက B.O.T စနစ်နဲ့ လုပ်ကိုင်နေတဲ့ တိုးဂိတ်မှာ ဘုရားဖူးသွားတဲ့ ကားတွေကို ငွေတောင်းတဲ့ကိစ္စနဲ့ပတ်သက်ပြီး မုံရွာမြို့ခံတွေက ကားတွေပိတ်ကာ ၂ နာရီနီးပါး ပိတ်ရပ်မှု ဒီဇင်ဘာလ ၃၀ ရက်နေ့ မနက်ပိုင်းက ဖြစ်ပေါ်ခဲ့ပါတယ်။
တိုးဂိတ်က မုံရွာမြို့ထဲကနေ မြို့ပြင်မှာရှိတဲ့ ဗောဓိတထောင်၊ မိုးညှင်းသမ္ဗုဒ္ဓေ၊ နည်းပညာတက္ကသိုလ်တို့ကို သွားတဲ့အခါ လမ်းကြေးကောက်ခံရာမှာ မုံရွာ-မြင်းမူလမ်း အသုံးပြုခ ကြေးအတိုင်း ကောက်ခံနေတာကို မကျေနပ်တဲ့အတွက် မုံရွာမြို့ခံ အရပ်ဘက်အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ရေးကော်မတီက ကားပိတ်ရပ်တာကို လုပ်ဆောင်ခဲ့တာပါ။
တိုးဂိတ်ကို မုံရွာမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ကြည်၊ မြို့နယ်အုပ်ချုပ်ရေးမှုး ဦးကြည်နိုင်တို့ လာရောက်ကာ ရှင်းလင်းမှုတွေပြုလုပ်ခဲ့ကြပါတယ်။
ဒီကိစ္စက ပြည်ထောင်စုအဆင့်က လုပ်ဆောင်တာဖြစ်တဲ့အတွက် တိုင်းအဆင့်နဲ့ ဖြေရှင်းလို့မရကြောင်း၊ တိုးဂိတ်ရွှေ့ရင်လည်း နေရာအခက်အခဲရှိတဲ့အကြောင်း၊ သက်ဆိုင်ရာ အဆင့်ဆင့်ကို တင်ပြပေးမယ့်အကြောင်းတွေကို ပြောဆိုခဲ့ပါတယ်။
မြို့ခံတွေကတော့ တိုးဂိတ်ကို မုံရွာ-ချောင်းဦးနယ်စပ်အထိ ပြောင်းရွှေ့ပေးဖို့သာ လိုလားနေကြတာပါ။
တိုးဂိတ်မရွှေ့ခင် ကုမ္ပဏီအနေနဲ့ မုံရွာမြို့က ကားတွေကို စာရင်းကောက်ယူပြီး ဘုရားဖူး၊ ကျောင်းသွားတဲ့ ကားတွေကို လွှတ်ပေးစေချင်နေတာလည်းဖြစ်ပါတယ်။
လောလောဆယ်မှာတော့ အရပ်ဘက်အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ရေးကော်မတီနဲ့ ကုမ္ပဏီ၊ ဆောက်လုပ်ရေးတာဝန်ရှိသူတို့ ကုမ္ပဏီရုံးခန်းမှာ တွေ့ဆုံညှိနှိုင်းတာတွေ လုပ်ဆောင်နေပါတယ်။ လက်ရှိမှာတော့ ပိတ်ထားတဲ့ကားတွေကို လမ်းဖွင့်ပေးလိုက်ပြီလည်း ဖြစ်ပါတယ်။