A d v e r t i s e m e n t With Us

ထိုင်းနိုင်ငံတွင် လူလိမ်တဦးကို ထောင်ဒဏ်နှစ်ပေါင်း ၁၃၀၀၀ ကျော် ချမှတ်

ထိုင်းတရားရုံးက လူလိမ်တဦးကို ထောင်ဒဏ် နှစ်ပေါင်း ၁ သောင်း ၃ ထောင်ကျော် ချမှတ်လိုက်တယ်လို့ သိရပါတယ်။ ပူဒစ်ကစ်တီသရာဒီလော့က် အသက် ၃၄ နှစ်က ပွန်ဇီစကီးမ် (Ponzi Scheme) လို့ခေါ်တဲ့ ရင်းနှီးမြှုပ်နှံသူ အဟောင်းနဲ့ အသစ်တွေရဲ့ ငွေတွေနဲ့ လည်ပတ် စီးပွားရေးလုပ်တဲ့ လုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံသူတွေကို ငွေအမြတ်အစွန်း များများ ပြန်ရမယ်ဆိုပြီး လိမ်လည်ခဲ့တယ်လို့ ဝန်ခံခဲ့တာပါ။ လူပေါင်း ၄ သောင်းလောက်က ပူဒစ်ရဲ့ကုမ္ပဏီထဲမှာ ဒေါ်လာ သန်း ၁၆၀ (ပေါင်သန်း ၁၂၀) ရှိတဲ့ငွေကို ရင်းနှီးမြှုပ်နှံဖို့ စွဲဆောင်ခံခဲ့ရတာဖြစ်ပြီး တရားရုံးက ပူဒစ် တရားမဝင် ငွေချေးတာတွေနဲ့ လိမ်လည်မှုပေါင်း ၂၆၅၃ ခုကို တွေ့ခဲ့တာပါ။ သူ ဝန်ခံခဲ့လို့ သူ့ကို ထောင်ဒဏ်ချမှတ်မယ့်နှစ်စုစုပေါင်းထဲက ၆၆၃၇ နှစ်နဲ့ ၆ လကို လျော့ချခဲ့တယ်လို့ သိရပါတယ်။ ထိုင်းဥပဒေအရ သူ ကျူးလွန်ထားတဲ့ အမှု ၂ ခုအတွက် တခုစီကို ထောင်ဒဏ် ၁၀ နှစ်စီပဲ ချမှတ်လို့ရတာကြောင့် သူက ထောင်ဒဏ် နှစ် ၂၀ ကျော်ပဲ ကျခံရနိုင်တယ်လို့ သိရပါတယ်။ ပူဒစ်က အစည်းအဝေးတွေ ပြုလုပ်ပြီး တက်ရောက်လာသူတွေကို အခြားစီးပွားရေးတွေနဲ့အတူ နိုင်ငံခြားကုန်ပစ္စည်း တင်သွင်းခြင်း သုံးပြီးသားကား အလှကုန်နဲ့ ပိုင်ဆိုင်မှုတွေ တိုးတက်ဖို့ စတာတွေနဲ့ ဆက်စပ်တဲ့ စီးပွားရေးလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံဖို့ စွဲဆောင်စည်းရုံးခဲ့တယ်လို့ တရားစွဲဆိုသူတွေက တရားရုံးမှ ထွက်ဆိုခဲ့ပါတယ်။ ရင်းနှီးမြှုပ်နှံသူတွေကို ရက်ရောလှတဲ့ ပြန်လည်ရရှိမယ့်ငွေ အမြောက်အမြားနဲ့အတူ သူ့လုပ်ငန်းဆီကို အဖွဲ့ဝင်သစ်ခေါ်လာဖို့ မက်လုံးတွေလည်း ပေးခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းအရ သိရပါတယ်။ ပူဒစ်ကို သူဖမ်းဆီးခံခဲ့ရတဲ့ သြဂုတ်လကတည်းက အာမခံမရလို့ ဘန်ကောက်ရီမာန်အကျဉ်းထောင်မှာ ဖမ်းဆီးထားပြီး တရားရုံးက သူပိုင်တဲ့ ကုမ္ပဏီ ၂ ခုကိုလည်း ဒေါ်လာ သန်း ၂၀ စီ ဒဏ်ငွေ ချမှတ်ခဲ့တယ်လို့ သိရပါတယ်။ အလိမ်ခံခဲ့ရတဲ့ နာမည်သိရှိသူတွေထဲက ၂၆၅၃ ဦးကို နှစ်စဉ် အမြတ် ၇ ဒသမ ၅ ရာခိုင်နှုန်းနဲ့အတူ ဒေါ်လာ ၁၇ သန်းဝန်းကျင် ပြန်လည်ပေးအပ်ဖို့ ပူဒစ်နဲ့ သူ့ရဲ့ကုမ္ပဏီတွေကိုလည်း တရားရုံးက အမိန့်ချမှတ်ခဲ့တယ်လို့ ဘီဘီစီသတင်းမှာ ဒီဇင်ဘာလ ၃၀ ရက်နေ့က ဖော်ပြထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up