အကြိမ်ကြိမ် ဖျက်ဆီးခံရသည့် လက်ပံတောင်းတောင် သပိတ်စခန်း ပြန်ဖွင့်

1.4K
စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်ဒေသ၊ ပုသိမ်-မုံရွာ ကားလမ်းဘေး၊ မိုးကြိုးပြင်အလယ်ရွာထိပ်မှာ လက်ပံတောင်းတောင် ဒေသခံတွေရဲ့ သပိတ်စခန်းကို ဒီဇင်ဘာ ၃၀ ရက်နေ့ နေ့လယ်ပိုင်းက ပြန်လည်ဖွင့်လှစ်လိုက်ပါတယ်။
ဒီသပိတ်စခန်းကို ဒေသခံတွေ တောင်းဆိုနေတဲ့ အစားထိုးမြေယာဧက ၁၉၀၀ ဖော်ထုတ်ပေးရေး၊ သီးနှံလျော်ကြေး၊ မြေယာလျော်ကြေး၊ အစီရင်ခံစာပါအချက်တွေ လိုက်နာ အကောင်အထည်ဖော်ပေးရေး စတာတွေအတွက် ဒေသခံတွေက ဖွင့်လှစ်တာဖြစ်ပါတယ်။
သပိတ်စခန်းကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၂ ရက်နေ့ မနက် ၁ နာရီအချိန်လောက်က မီးရှို့ဖျက်ဆီးခံခဲ့ရတာပါ။
မိုးကြိုးပြင်ရွာထိပ်မှာ ဖွင့်ထားတဲ့ ဒေသခံတွေရဲ့ သပိတ်စခန်းကို ဖျက်ဆီးခံရတာ ၅ ကြိမ်ရှိပြီဖြစ်ပြီး သက်ဆိုင်ရာ လုံထိန်းကတော့ တရားဝင်ဖျက်တာ ၁ ကြိမ်ပဲ ရှိသေးတယ်လို့ သိရပါတယ်။
ဒေသခံတွေကတော့ သပိတ်စခန်းကို ဘယ်သူပဲ လာဖျက်ဖျက် သူတို့ရဲ့ တောင်းဆိုချက်တွေ မရမချင်း ဆက်လက်ဖွင့်သွားမယ်လို့ ပြောပါတယ်။