မိုင်းတုံမြို့နယ်တွင် လင်မယား ၂ ဦး ဓားဒဏ်ရာများဖြင့် သေဆုံး
DVB
·
December 30, 2017
မိုင်းတုံမြို့နယ်၊ လွယ်ခမ်းလုံကျေးရွာအုပ်စု ပါခတ်ကျေးရွာမှာ လင်မယားနှစ်ယောက် ဓားဒဏ်ရာတွေနဲ့ သေဆုံးမှုတခု ဖြစ်ပွားခဲ့ပါတယ်။
“သမီးနဲ့သမက်က အခြားရွာကနေ ကလေးမွေးရင်း ဆေးကုရင်း အိမ်မှာ ခဏလာနေတာပါ။ ည ၇ နာရီလောက်မှာ ကျမဈေးဆိုင်မှာ ဈေးသွားဝယ်နေတုန်း အိမ်ဘက်က တူမီးသေနတ်သံကြားလို့ ပြန်လာတော့ သမီးရော သမက်ရော ဒဏ်ရာတွေနဲ့ သေနေတာတွေ့ပြီး ဘေးအိမ်တွေကို အော်ပြော အကူအညီတောင်းခဲ့တယ်။ ပြီးတော့ရဲစခန်းကို သွားပြောခဲ့တာပါ" လို့ သေဆုံးသူမိန်းကလေးရဲ့ မိခင်ဒေါ်နာအီက ပြောခဲ့ပါတယ်။
သေဆုံးသူမိန်းကလေး မနားကျို အသက် ၂၅ နှစ်၊ ခင်ပွန်း မော်ကျို အသက် ၃၀ နှစ်တို့ဟာ ပါခတ်ကျေးရွာက မိဘတွေနေအိမ်မှာ ပြီးခဲ့တဲ့ ရက် ၂၀ လောက်က လာရောက် မီးဖွားပြီး မပြန်မီ အခုလို အခင်းဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
မိုင်းတုံမြို့မရဲစခန်းမှူး ဒုရဲမှူး သန်းလွင်က “အခင်းဖြစ်နေရာကို ရောက်ရှိချိန်မှာ သူတို့နှစ်ဦးလုံး အိပ်ရာထဲမှာ ဓားဒဏ်ရာနဲ့ လဲကျသေဆုံးနေတာပါ။ ဘေးမှာလည်း အရှည် ၁ ပေ ၉ လက်လောက်ရှိတဲ့ ဓားဦးချွန်တစ်ချောင်းရယ်၊ အရှည် ၄ ပေ ၁၀ လက်မရှိတဲ့ တူမီးသေနတ်တစ်လက်ရယ်ကို တွေ့ရှိသက်သေခံအဖြစ် သိမ်းဆည်းလာခဲ့ပါတယ်။ ဖြစ်စဉ်အသေးစိတ်နဲ့ အခြားသူတဦး ပယောဂကြောင့် ဟုတ်မဟုတ်ကိုတော့ စုံစမ်းစစ်ဆေးနေဆဲပါ” လို့ ပြောပါတယ်။
မနားကျိုရဲ့ ဝဲဖက်ချိုစောင်းမှာ ၃ လက်မခန့်ပြတ်ရှဒဏ်ရာတစ်ချက်၊ ဝဲဖက်မေးအောက် ၆ လက်မခန့်ပြတ်ရှဒဏ်ရာတစ်ချက်၊ ဝဲဖက်ရင်အုံမှာ သုံးလက်မခန့်ထိုးသွင်းဒဏ်ရာ တစ်ချက်နဲ့ ခင်ပွန်းဖြစ်သူ မော်ကျိုမှာ ရင်ဘတ်ညိုမည်း ဒဏ်ရာတစ်ချက်၊ နားနှစ်ဖက်နဲ့ ပါးစပ်အတွင်းက သွေးထွက်ဒဏ်ရာတွေနဲ့ သေဆုံးနေတာလို့ ဆိုပါတယ်။
မိုင်းတုံမြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ-၃၀၂ နဲ့ အမှုဖွင့် စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ပါတယ်။
အောင်ဇေယျ(မိုင်းတုံ)