ကိုင်ရိုမြို့ ခရစ်ယာန်ဘုရားကျောင်း သေနတ်သမား ၀င်ပစ်၊ ၁၀ ဦး သေဆုံး

A boy watches the front of Mar Mina church, in Helwan, Cairo, Egypt, Friday, Dec. 29, 2017, where several people have been killed in a shootout outside the church. (AP Photo/Amr Nabil)
1.3K
အီဂျစ်နိုင်ငံ ကိုင်ရိုမြို့ပြင် တောင်ပိုင်းက ကော့ပ်တစ် ခရစ်ယာန်ဘုရားကျောင်းမှာ မနေ့က ဝတ်ပြုသူတွေကို သေနတ်သမားတယောက် ပစ်ခတ်ခဲ့လို့ လူအနည်းဆုံး ၁၀ ဦး သေဆုံးပါတယ်။
သေနတ်သမားကိုတော့ အီဂျစ်လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ဒဏ်ရာရအောင်လုပ်ပြီး ဖမ်းခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ပြောပါတယ်။
တိုက်ခိုက်သူ အနည်းဆုံး ၂ ဦးပါပြီး တယောက်ကိုအသေပစ်သတ်ခဲ့ပြီး နောက်တယောက်က အခင်းဖြစ်ရာ နေရာကနေ ထွက်ပြေးခဲ့တယ်လို့ အစိုးရ မီဒီယာနဲ့ လုံခြုံရေး သတင်းရင်းမြစ်တို့ရဲ့ အစောပိုင်း အစီရင်ခံစာက ဆိုပါတယ်။
တိုက်ခိုက်မှုအတွင်း ရဲ ၃ ယောက်လည်း အသတ်ခံရတယ်လို့ လုံခြုံရေး သတင်းရင်းမြစ်နဲ့ ဒေသခံမီဒီယာတွေက အစောပိုင်းမှာ အစီရင်ခံပါတယ်။
“ဒီတိုက်ခိုက်မှုကို ဘယ်သူ လုပ်တယ်ဆိုတာ ချက်ချင်း မသိရ သေးပါဘူး။ အစ္စလာမစ် နိုင်ငံ အမည်ခံ အိုင်အဲ့စ် စစ်သွေးကြွတွေက အီဂျစ်နိုင်ငံရဲ့ ခရစ်ယာန် လူနည်းစုအပေါ် လတ်တလောနှစ်တွေအတွင်း အကြိမ်ရေ အတော်များများ ကျယ်ကျယ်ပြန့်ပြန့် တိုက်ခိုက်ခဲ့ကြောင်း အခိုင်အမာ ပြောခဲ့ဖူးပါတယ်။
ဇန်နဝါရီ ၇ ရက်နေ့မှာ ကျရောက်မယ့် ကော့ပ်တစ် ခရစ်ယာန် ဘာသာရေးပွဲတော် မတိုင်ခင် ခရစ်ယာန် ဘုရားကျောင်းတွေ ပတ်လည်မှာ ရဲတွေက လုံခြုံရေး တိုးမြှင့် ချထားခဲ့ပါတယ်။
ပိုကြီးတဲ့ ခရစ်ယာန် ဘုရားကျောင်းတွေမှာ သတ္တုရှာဖွေရေး ကိရိယာတွေကိုပါ တပ်ဆင်ထားပြီး ဝတ်ပြုတဲ့ နေရာ အပြင်ဘက်မှာ အရာရှိတွေကို တာဝန်ချထားပါတယ်။