လိင်အင်္ဂါပြောင်းထားသူများကို အမေရိကန်စစ်တပ် စတင်လက်ခံ

1.4K
အမေရိကန်စစ်တပ်က လိင်အင်္ဂါပြောင်းလဲထားသူတွေကို လာမယ့်နှစ် ဇန်နဝါရီ ၁ ရက်နေ့က စတင်ပြီး ပထမဆုံးလက်ခံသွားမယ်လို့ ပင်တဂွန်စစ်ဌာနချုပ်က ဒီဇင်ဘာ ၂၉ ရက်နေ့က ပြောကြားပါတယ်။
လိင်အင်္ဂါပြောင်းထားသူတွေကို စစ်တပ်ထဲ ဝင်ခွင့်မပြုဖို့ လက်ရှိ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့ လျောက်ထားချက်ကို ပြည်ထောင်စုအယူခံတရားရုံးနှစ်ရုံးက ပြီးခဲ့တဲ့ သီတင်းပတ်က ပယ်ချလိုက်အပြီး အခုလို စစ်တပ်ထဲ ဝင်ခွင့်ပေးလိုက်တာဖြစ်ပါတယ်။
သမ္မတဒေါ်နယ်ထရမ့်က တရားရုံးဆုံးဖြတ်ချက်ကို နောက်ထပ်အယူခံ မဝင်ဖို့ ဆုံးဖြတ်လိုက်တာလည်းဖြစ်ပါတယ်။
“တရားရုံးအမိန့်ကနေ ပေးအပ်လိုက်တဲ့ အခွင့်အာဏာအရ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ ဇန်နဝါရီ ၁ ရက်နေ့မှာ လက်ခံမယ့် လိင်အင်္ဂါပြောင်းထားသူတွေနဲ့ ပတ်သက်ပြီး လေ့လာသုံးသပ်မှုတွေစတင်ဖို့ ပြင်ဆင်နေပါပြီ၊ လျောက်ထားသူအားလုံးဟာ စံချိန်စံညွှန်းသတ်မှတ်ချက်တွေနဲ့ ကိုက်ညီမှုရှိရပါမယ်” လို့ ပင်တဂွန်စစ်ဌာနချုပ်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဟယ်သာဘတ်ဘ် က ပြောကြားပါတယ်။
ယခင်အမေရိကန်သမ္မတ အိုဘားမားက လိင်အင်္ဂါပြောင်းထားသူတွေကို စစ်တပ်မှာ လက်ခံဖို့ ဆုံးဖြတ်ချက်ကို လက်ရှိသမ္မတ ဒေါ်နယ်ထရမ့်က ပြောင်းပြန်လှန်ဖို့ ကြိုးစားခဲ့တာဖြစ်ပါတယ်။
သမ္မတဒေါ်နယ်ထရမ့်ရဲ့ ဆုံးဖြတ်ချက်ကို ပြည်ထောင်စုတရားရုံး ၄ ရုံးက ပိတ်ပင်တားမြစ်ခဲ့ပြီး၊ ထရမ့်ရဲ့ တားဆီးမှုဟာ အမေရိကန်အခြေခံဥပဒေမှာပါတဲ့ “ဥပဒေနဲ့အညီ တန်းတူ အကာအကွယ်ပေးရမယ်” ဆိုတဲ့ အခွင့်အရေးကို ချိုးဖောက်ဖွယ်ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။