A d v e r t i s e m e n t With Us

မြန်မာဘက်မှ မှောင်ခိုသွင်းလာသည့် ကြက်သွန်နီ၊ ကြက်သွန်ဖြူများ မဲဆောက်တွင် ဖမ်းမိ

မြန်မာနိုင်ငံ၊ မြ၀တီမြို့ကနေ ထိုင်းနိုင်ငံ မဲဆောက်ခရိုင်ကို မှောင်ခိုသွင်းလာတဲ့ ကြက်သွန်နီ၊ ကြက်သွန်ဖြူ ၁၅ တန်ကျော်ကို ဖမ်းမိခဲ့တယ်လို့ ထိုင်းအကောက်ခွန်တာဝန်ရှိသူက ပြောကြောင်း ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။ ဒီလိုဖမ်းမိတာက ပြီးခဲ့တဲ့နှစ်တွေအတွင်း အခွန်မဆောင်တဲ့ စိုက်ပျိုးရေးထွက်ပစ္စည်းတွေထဲက အများဆုံး ဖမ်းမိမှုလို့ ဆိုပါတယ်။ ဘတ် ၉ သိန်းဖိုး တန်ဖိုးရှိတဲ့ ကြက်သွန်နီ ၇၅၀၀ ကီလိုဂရမ်၊ ဘတ် ၄ သိန်းဖိုး တန်ဖိုးရှိတဲ့ ၇၉၉၅ ကီလိုဂရမ်အလေးချိန်ရှိတဲ့ ကြက်သွန်ဖြူတွေကို ဓာတ်မြေသြဇာအိတ် ၁၅၀ နဲ့ သယ်ဆောင်လာတဲ့ ဘတ် ၉ သိန်းခွဲတန် ထရပ်ကားတစီးနဲ့အတူ ဒီဇင်ဘာလ ၂၉ ရက်နေ့မှာ ဖမ်းမိတယ်လို့ မဲဆောက်အကောက်အခွန် အရာရှိချုပ် ဝဲလော့ပ်ဝက်သပန်နစ်က ပြောပါတယ်။ စစ်ဆင်ရေးထဲမှာ စစ်သားတွေလည်း ပါတယ်လို့ ဆိုရပါတယ်။ မှောင်ခိုသွင်းလာတဲ့ ကုန်ပစ္စည်းတွေက မြန်မာနိုင်ငံ မြဝတီမြို့က သယ်ဆောင်လာတာဖြစ်ပြီး နယ်စပ်တလျှောက် အခွန်မဆောင်တဲ့ ကုန်ပစ္စည်းတွေကို စစ်သားတွေနဲ့ ဒေသခံအကောက်ခွန် အရာရှိတွေက အကြီးအကျယ် နှိမ်နင်း ဖမ်းဆီးခဲ့တာလို့ မစ္စတာဝဲလော့ပ်က ပြောပါတယ်။ ဒီဇင်ဘာလ ၂၈ ရက်နေ့ အစောပိုင်းကတည်းက မဲဆောင်အကောက်အခွန် အရာရှိတွေပါဝင်တဲ့ စစ်ဆေးရေးအဖွဲ့အား မဲဆောက်ခရိုင်၊ မဲ့ဆိုင်လု့ဒ်တန်ဘုန်၊ သာ့ဒ်ရွာကို စေလွှတ်ခဲ့တာဖြစ်ပြီး အဲ့ဒီရွာ အနီးအနားမှာ ကြက်သွန်နီ ကြက်သွန်ဖြူ ကားတစီးအပြည့်ကို တွေ့ခဲ့တာလို့ ဆိုပါတယ်။ စစ်ဆေးရေးအဖွဲ့က ကားဒရိုင်ဘာကို မေးမြန်းချိန်မှာ ဒီကုန်ပစ္စည်းတွေကို ဘယ်နေရာက သယ်ဆောင်လာတယ်ဆိုတာ ရှင်းမပြနိုင်ဘူးလို့ သိရပြီး ကားမောင်းသမားကို တရားဥပဒေအရ အရေးယူဖို့ ဖမ်းဆီးထားတယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up