ပြည်ထောင်စုခွဲထွက်ခြင်း၊ပဲ့ထွက်ခြင်း၊ကွဲပြားခြင်းမဖြစ်စေရေး အရေးကြီးဟု ကာချုပ်ပြော

ပြည်ထောင်စု ခွဲထွက်ခြင်း၊ ပဲ့ထွက်ခြင်း၊ ကွဲပြားခြင်း မဖြစ်စေရေး အလွန်အရေးကြီးတယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကပြောကြားလိုက်ပါတယ်။ ဒီဇင်ဘာ ၂၈ရက်က ရန်ကုန်မြို့ တပ်မတော်ဆေးတက္ကသိုလ် စစ်ရေးပြကွင်းမှာ ကျင်းပတဲ့ တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာသိပ္ပံဘွဲ့သင်တန်းနဲ့ အမျိုးသမီး သူနာပြုသိပ္ပံဘွဲ့ သင်တန်းဆင်းပွဲ ဂုဏ်ပြုစစ်ရေးပြအခမ်းအနားမှာ မိန့်ခွန်းပြောစဉ် ထည့်သွင်းပြောကြားခဲ့တာပါ။ “မိမိတို့နိုင်ငံ၏ ပကတိအရှိတရားများအရ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးကို အမည်နာမအမျိုးမျိုးနဲ့ နယ်မြေပိုင်းခြား သတ်မှတ်ထားသော်လည်း နယ်မြေဒေသတိုင်းတွင် တိုင်းရင်းသားလူမျိုးများ စုစည်းနေထိုင်ကြတဲ့အတွက် ပြည်ထောင်စုရဲ့ အသွင်သဏ္ဍာန်ဟာ ခွဲထွက်ခြင်း၊ ပဲ့ထွက်ခြင်း၊ ကွဲပြားခြင်း မဖြစ်စေရေး အလွန်အရေးကြီးကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ထာဝရငြိမ်းချမ်းရေးရရှိရန်နှင့် ဒို့တာဝန် အရေးသုံးပါး ကာကွယ်စောင့်ရှောက်နိုင်ရေးအတွက် မည်သည့်နယ်မြေ၊ မည်သည့်ဒေသရောက်ရောက် တိုင်းရင်းသားသွေးချင်း ညီအစ်ကိုမောင်နှမများကို ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ရင့်ကျက်လာအောင် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရင်း စည်းရုံးေ ဆာင်ရွက်သွားကြရန်” ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောပါတယ်။ ဒါ့အပြင် တပ်မတော်ကို ခေတ်မီတပ်မတော် Standard Army တစ်ရပ်အဖြစ် တည်ဆောက်ရာမှာ ကျန်းမာရေးချို့တဲ့မှုကြောင့်ဖြစ်ရတဲ့  အင်အားပြုန်းတီးမှုတွေကို ထိန်းသိမ်းဖို့ လိုအပ်ပြီး အရည်အသွေး မြင့်မားစေဖို့ တပ်မတော်သားတိုင်း ကျန်းမာကြံ့ခိုင်နေရန်အရေးကြီး ကြောင်း၊ အရည်အသွေး ထက်မြက်ပြည့်ဝတဲ့  ဆေးဘက်ဆိုင်ရာပညာရှင်တွေဖြစ်ဖို့ အနောက်တိုင်းဆေး ပညာရပ်တွင်သာမက မြန်မာ့တိုင်းရင်းဆေးပညာ နယ်ပယ်တွင်ပါ ကျွမ်းဝင်နှံ့စပ်တဲ့ ပညာရှင်တွေဖြစ်အောင် ကြိုးပမ်းသွားကြဖို့လည်း တပ်မတော် အကြီးအကဲက တိုက်တွန်းလိုက်ပါတယ်။ တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာသိပ္ပံဘွဲ့သင်တန်း အမှတ်စဉ်(၁၅)မှ အကောင်းဆုံး သင်တန်းသားဆုရသူ ဝေဖြိုးဟိန်း၊ လေ့ကျင့်ရေးထူးချွန်ဆုရရှိသူ သန့်စင်၊ စာပေထူးချွန်ဆုရရှိသူ စိုးခန့်အောင် တို့ကို ဆုပေးအပ်ခဲ့ပါတယ်။ ဒါ့အပြင်တပ်မတော်အမျိုးသမီးသူနာပြုသိပ္ပံဘွဲ့ သင်တန်းအမှတ်စဉ်(၂)မှ အကောင်းဆုံး သင်တန်းသူဆုရရှိ နန်းရဝေပိုင်၊ လေ့ကျင့်ရေးထူးချွန်ဆုရ စုမွန်နိုင်နဲ့ စာပေထူးချွန်ဆုရ အေးသော်တာမင်းတို့ကိုလည်း  ဆုများတွေချီးမြှင့်ခဲ့ပါတယ်။ ဓာတ်ပုံ-တပ်မတော်

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up