ကော်တင်ဟိုကို ခေါ်ယူနိုင်ရေး ဘာစီလိုနာအသင်း ဆွေးနွေးမည်
ဘာစီလိုနာအသင်းဟာ လီဗာပူးက ကော်တင်ဟိုကို ခေါ်ယူဖို့အတွက် သူ့ရဲ့အေးဂျင့်နဲ့ ဇန်နဝါရီ ၃ ရက်မှာ တွေ့ဆုံဆွေးနွေးမယ်လို့ သိရပါတယ်။
စပိန်သတင်းစာ Sports ရဲ့ ဖော်ပြချက်အရ ဘာစီလိုနာအသင်းအနေနဲ့ ကော်တင်ဟိုရဲ့ ပြောင်းရွှေ့ကြေး အပါအဝင် တခြားကိစ္စတွေကို သူ့ရဲ့အေးဂျင့်နဲ့ ဆွေးနွေးမယ်ဆိုတဲ့သတင်းကို မျက်နှာဖုံးမှာ အကျယ်တဝင့် ဖော်ပြခဲ့ပါတယ်။
ဒါ့အပြင် ကတ်တလန်အခြေစိုက် သတင်းစာဖြစ်တဲ့ မန်ဒိုဒီပို့တီဗိုရဲ့ မျက်နှာဖုံးသတင်းမှာလည်း ဘာစီလိုနာအသင်းအနေနဲ့ ကော်တင်ဟိုကို ဇန်နဝါရီ အပြောင်းအရွှေ့မှာ အကြိုသဘောတူညီမှုရအောင် ကြိုးပမ်းမှာဖြစ်ပြီး လာမယ့်နွေရာသီမှာ အပြီးသတ်ခေါ်ယူမယ်လို့ ဖော်ပြခဲ့ပါတယ်။
ဘာစီလိုနာအသင်းဟာ တိုက်စစ်မှူး နေမာကို ရောင်းချလိုက်တဲ့အတွက် တိုက်စစ်ကစားသမားတဦး ခေါ်ယူဖို့ ပစ်မှတ်ထားနေတာဖြစ်ပြီး ပေါင်သန်း ၁၅၀ ဝန်းကျင်နဲ့ ကော်တင်ဟိုကို ၂ ကြိမ်ထက်မနည်း ကမ်းလှမ်းခဲ့တယ်လို့ ဆိုပါတယ်။