Home
မြန်မာသတင်း
မသန်စွမ်းအခွင့်အရေး တန်းတူရရန် စိန်ခေါ်မှုများရှိနေဆဲဟု ဒုသမ္မတပြော
DVB
·
December 29, 2017
မသန်စွမ်းသူတွေရဲ့  လူ့အခွင့်အရေးနဲ့  အခြေခံလွတ်လပ်ခွင့်တွေဟာ အခြားနိုင်ငံသားတွေလို  တန်းတူညီမျှရရှိခံစားဖို့  အခက်အခဲတွေ  စိန်ခေါ်မှုတွေ  ကြုံတွေ့နေရတုန်းဖြစ်တယ်လို့ ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူ က ပြောပါတယ်။ ဒီဇင်ဘာ ၂၈ရက်က နေပြည်တော်မှာလုပ်ခဲ့တဲ့  မသန်စွမ်းသူများအခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ  အစည်းအဝေးမှာ ပြောတာဖြစ်ပြီး  မသန်စွမ်းသူတွေအပေါ် နားလည်သဘောပေါက်မှု အမြင်သဘောထားဆိုင်ရာ အတားအဆီးတွေကို ဒီနေ့တိုင် မြင်တွေ့ကြားသိနေရတုန်းလို့လည်း ပြောပါတယ်။ မသန်စွမ်းသူတွေ အတွက် အဆင်ပြေသင့်လျော်တဲ့  ပတ်ဝန်းကျင် ဖန်တီးမှုဆိုင်ရာ အခြေခံ အဆောက်အဦတွေ ပြင်ဆင်မွမ်းမံခြင်း၊ အသစ်တည်ဆောက်ခြင်း၊ စာသင်ခုံတွေကို ပြင်ဆင်ပြုပြင်ခြင်း၊ မသန်စွမ်းမှု အမျိုးအစားအလိုက် လိုအပ်တဲ့  သင်ထောက်ကူပစ္စည်းများ ထောက်ပံပေးခြင်း စတဲ့  ရုပ်ဝတ္ထုဆိုင်ရာများ ဖြည့်ဆည်းပေးမှုအားနည်းတယ်။ မျက်မမြင် လက်စမ်းစာနဲ့  လက်သင်္ကေတပြ ဘာသာစကားတို့ တတ်မြောက်တဲ့ ဆရာ ဆရာမတွေနဲ့  မသန်စွမ်းဆရာ ဆရာမများ စတဲ့ လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာတွေ ဖြည့်ဆည်းပေးမှုတွေ မရှိဘူးလို့လည်း  ဒုသမ္မတက ဝေဖန်ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် မသန်စွမ်းသူတွေ ဂုဏ်သိက္ခာရှိစွာရပ်တည်ရေး၊ အမှီအခိုကင်းစွာ နေထိုင်နိုင်ရေးအတွက် အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးဖို့၊ မသန်စွမ်းသူတွေရဲ့ စွမ်းဆောင်ရည်ကိုအသိအမှတ်ပြုဖို့၊ စွမ်းဆောင်ရည်မြှင့်တင်ခြင်းသင်တန်းတွေပေးဖို့၊ လုပ်ငန်းခွင်နေရာတွေကို မသန်စွမ်းသူတွေ အတွက် အဆင်ပြေသင့်လျော်တဲ့ ပတ်ဝန်းကျင်ဖန်တီးပေးဖို့နဲ့  လိုအပ်တဲ့ နည်းပညာတွေ ထောက်ပံ့ပေးဖို့ လိုအပ်တယ်လို့ လည်း ပြောပါတယ်။ မြန်မာနိုင်ငံမှာ  မသန်စွမ်းသူ ၂ဒသမ ၃ သန်း ရှိပြီး  နိုင်ငံလူဦးရေရဲ့ ၄ ဒသမ ၆ ရာခိုင်နှုန်းကျော် ရှိပါတယ်။ မသန်စွမ်းသူများရဲ့  အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီကို ၂၀၁၇ စက်တင်ဘာ ၁၄ရက်မှာ ဖွဲ့စည်းပြီး မသန်စွမ်းသူများအားလုံး တန်းတူအခွင့်အရေးရရှိစေဖို့နဲ့  မသန်စွမ်းသူတွေရဲ့ အခွင့်အရေးတွေကို  ဆောင်ရွက်သွားဖို့ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024