ပြင်သစ်တွင် ပျောက်ဆုံးခဲ့သည့် ၉ နှစ်သမီးလေးအတွက် အမှန်တရားပေါ်ရေး တောင်းဆိုဆန္ဒပြ

ဓာတ်ပုံ - ရိုက်တာ
1.4K
ပြင်သစ်နိုင်ငံ အယ်လ်ပိုင်းဒေသ မြို့လေးတခုမှာ ပြီးခဲ့တဲ့သြဂုတ်လက ပျောက်ဆုံးသွားခဲ့တဲ့ ၉ နှစ်အရွယ် မိန်းကလေးအတွက် အမှန်တရားပေါ်ပေါက်ရေး တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။
ဒီဇင်ဘာ ၂၇ ရက်နေ့က တောင်းဆိုဆန္ဒပြသူ တထောင်နီးပါးဟာ ပျောက်ဆုံးသွားခဲ့တဲ့ ၉ နှစ်အရွယ် မိန်းကလေးအတွက် မိုးထဲလေထဲမှာ တောင်းဆို ဆန္ဒပြခဲ့ကြတာပါ။
မာလိစ်ဒါဟိုဒရိုဆိုတဲ့ မိန်းကလေးဟာ ပြီးခဲ့တဲ့သြဂုတ်လက မင်္ဂလာဆောင်တခုမှာ ပျောက်ဆုံးသွားခဲ့တာ ဖြစ်ပါတယ်။
ဆန္ဒပြရာမှာ ပါဝင်သူတဦးက “ကျမမှာ ကလေး ၃ ယောက်နဲ့ မြေး ၂ ယောက်ရှိတယ်။ ဒီအဖြစ်အပျက်က တကယ့်ကို ထိတ်လန့်စရာပါပဲ။ အထူးသဖြင့် မိဘတွေပေါ့လေ။ သူတို့ရင်ကျိုးမှာပဲ။ ဒါကြောင့် အခုလို လာအားပေးရင် မိသားစုအတွက် အားဖြစ်ပါတယ်” လို့ ပြောပါတယ်။
အခုလို စုဝေးချီတက်ပွဲကို မာလိစ်ရဲ့မိဘတွေက ဆိုရှယ်မီဒီယာကနေ စီစဉ်ခဲ့တာဖြစ်ပြီး ပျောက်ဆုံးသမီးလေးအတွက် ဝမ်းနည်းခြင်းအခမ်းအနားသက်သက် မဟုတ်ဘဲ အမှုမှန်ပေါ်ရေး တောင်းဆိုတာလည်း ဖြစ်ပါတယ်။
အကြောင်းကတော့ မာလိစ်ပျောက်ဆုံးမှုရဲ့ အဓိက သံသယရှိသူဟာ အဲဒီပျောက်ဆုံးမှုနဲ့ ပတ်သက်ပြီး တွင်တွင်ငြင်းဆန်နေလို့ပဲ ဖြစ်ပါတယ်။
အနီးဝန်းကျင် နေထိုင်သူတဦးက “အဖြစ်ဆိုးပါတယ်လေ။ မိဘလုပ်သူတွေ အဖြစ်မှန်ကို သိသင့်တယ်။ သူတို့သမီးလေး ဘယ်လိုဖြစ်ခဲ့လဲဆိုတာ သို့လောသို့လောတွေးပြီး သူတို့ မရှင်သန်သင့်ဘူး။ အဖြစ်ဆိုးပါပဲ” လို့ ပြောပါတယ်။
သံသယရှိသူဟာ နော်ဒယ်လူလောင်ဒယ်ဆိုသူ အသက် ၃၄ နှစ်အရွယ် အမျိုးသားတဦးဖြစ်ပြီး သူဟာ အဲဒီ မင်္ဂလာဆောင်ကို ဧည့်သည်အနေနဲ့ တက်ရောက်ခဲ့ပါတယ်။
သူ့ကား ဒက်ရှ်ဘုတ်ပေါ်မှာ မာလိစ်ရဲ့ ဒီအန်အေကို တွေ့ရှိခဲ့ပြီးနောက် ပြန်ပေးဆွဲ လူသတ်မှုအတွက် သံသယရှိမှုနဲ့ ရဲက ဖမ်းဆီးထားပါတယ်။