တောင်ငူပေါ်တော်မူဘုရားရှိ ဆိုင်ခန်းများဖယ်ရှားပေးရန်ဆန္ဒပြ
DVB
·
December 28, 2017
ပဲခူးတိုင်းတောင်ငူမြို့ (၉) ရပ်ကွက်၊ ရန်ကုန်-မန္တလေး ကားလမ်းမဘေးရှိ သမိုင်းဝင်ဆုတောင်းပြည့် ပေါ်တော်မူဘုရားဝန်းအတွင်း ဖွင့်လှစ်ထားတဲ့ ဆိုင်ခန်းတွေနဲ့ ပတ်သက်ပြီး နိုင်ငံတော်သံဃမဟာနယကအဖွဲ့က ဆုံးဖြတ်ထားတဲ့အတိုင်း လိုက်နာပြီး ဆိုင်ခန်းတွေဖျက်သိမ်းဖယ်ရှားပေးဖို့ ဒီနေ့ မနက်က ဒေသခံအချို့က ဆန္ဒပြခဲ့ကြပါတယ်။
ဆန္ဒပြပွဲ ဦးဆောင်သူဦးအောင်ရွှေက “ဟိုးအရင် ဂေါပကလက်ထက်က (၃) နှစ်စာချုပ်ချုပ်ထားတယ်ဆိုပြီး မဖယ်ကြဘူး။ ဖယ်ရှားပေးဖို့ရာကို မြို့နယ်၊ တိုင်း၊ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ကမ္ဘာအေးကုန်းမြေကအထိ ဆုံးဖြတ်ချက်ချထားပြီးသား။ အမျိုးသမီး အဝတ်အစားတွေဆိုလည်း အတွင်းခံတွေကအစ လူမြင်ကွင်းတွေမှာလှမ်းတာဆိုတော့ ဘုရားထဲမှာ အမြင်မတော်ဘူးလေ။ နောက်ပြီးဘုရားထဲက ရေချိုးခန်းအိမ်သာတွေကအစ ဘုရားဖူးလာတဲ့သူတွေ မသုံးရဘူး။ သူတို့တွေပဲ သုံးနေကြတာ။”လို့ပြောပါတယ်။
ဆိုင်ခန်းတွေကို မ.ဟ.နအဖွဲ့က ဒီလ ၂၃ ရက်နေ့ နောက်ဆုံးထားပြီး ဖယ်ခိုင်း ထားပေမယ့် ဒီကနေ့ထိ ဖယ်ရှားတာမရှိသေးတဲ့အတွက် တရားဝင်ခွင့်ပြုချက်တင်ပြီး ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။
ဆန္ဒပြရာမှာ ပေါ်တော်မူဘုရားဝန်းအတွင်း သစ်/ဝါးဆိုင်နဲ့ အခြားဆိုင်များဖယ်ရှားပေးရေး -ဒို့အရေး၊ စာတန်းပါဗီနိုင်းဆိုင်းဘုတ်တွေ ကိုင်ဆောင်ပြီး အဆိုပါစာသားကိုပင် ကြွေးကြော်ပြီး မြို့တွင်းလှည့်လည် ဆန္ဒပြခဲ့ကြပါတယ်။