A d v e r t i s e m e n t With Us

သမီးဖြစ်သူကို လှောင်အိမ်ထဲ ၁၅ နှစ် ပိတ်ထား၍ အစာငတ်မွတ်အေးခဲ သေဆုံး

ဓာတ်ပုံ - The Asahi Shimbun
ဂျပန်နိုင်ငံမှာ မိဘ ၂ ပါးက သမီးကို အခန်းသေးသေး လှောင်အိမ်ထဲ ၁၅ နှစ်ကြာ ပိတ်လှောင်ထားလို့ ငတ်မွတ်အေးခဲကာ သေဆုံးသွားတယ်လို့ ရဲတွေက ပြောပါတယ်။ မိဘ ၂ ပါးဖြစ်တဲ့ ရာစုတာကာ ကာကီမိုတို အသက် ၅၅ နှစ်နဲ့ ယူကာရီ ကာကီမိုတို ၅၃ နှစ်တို့ဟာ သမီးဖြစ်သူ အီရီကာကီမိုတိုကို ၃ မီတာပတ်လည်ရှိတဲ့ အခန်းထဲ ၁၅ နှစ်ကြာ ပိတ်လှောင်ထားပြီး တနေ့ကို တကြိမ်သာ အစားအစာ ကျွေးတယ်လို့ ဆိုပါတယ်။ မိန်းကလေးမှာ အကြမ်းဖက်တတ်တဲ့ စိတ်ရောဂါရှိတယ်လို့ ယူဆတာကြောင့် ဒီလို ဆိုးရွားတဲ့လုပ်ရပ်ကို လုပ်ခဲ့မိတယ်လို့ မိဘတွေက ပြောပါတယ်။ သူတို့ရဲ့သမီး သေဆုံးနေတာကို မိဘတွေက ဒီဇင်ဘာ ၁၈ နေ့မှာ သိခဲ့တာဖြစ်ပေမယ့် သမီးနဲ့အတူ နေချင်သေးတာကြောင့် ရဲတွေကို ဒီဇင်ဘာ ၂၃ ရက်နေ့မှ အကြောင်းကြားခဲ့တယ်လို့ ရဲတွေက ပြောပါတယ်။ အသက် ၃၃ နှစ်အရွယ် သမီးဖြစ်သူကို ရဲတွေတွေ့ချိန်မှာ ခန္ဓာကိုယ်အလေးချိန် ၁၉ ကီလိုဂရမ်ပဲ ရှိတယ်လို့လည်း အိုဆာကာစီရင်စုနယ် ရဲဌာနက ပြောပါတယ်။ ရဲတွေထုတ်ပြန်ထားတဲ့ မိဘတွေရဲ့စာထဲမှာ “ကျနော်တို့ရဲ့သမီးက အသက် ၁၆ နှစ်၊ ၁၇ နှစ်လောက်ကတည်းက စိတ်ရောဂါဖြစ်နေတယ်၊ အကြမ်းပတမ်းတွေ လုပ်လာတယ်၊ ဒါကြောင့် သူ့ကို ကျနော်တို့ အခန်းလေးထဲ ထည့်ထားတာ” လို့ ဖော်ပြထားပါတယ်။ မိဘ ၂ ပါးက အိမ်ထဲမှာ အခန်းသေးလေးဆောက်ထားပြီး ကင်မရာတွေ တပ်ဆင်ကာ အပြင်ကနေပဲ သော့ဖွင့်လို့ရတဲ့ နှစ်ထပ်တံခါးလုပ်ထားတယ်၊ အခန်းအပြင်ဘက်မှာ ဖြစ်ကတတ်ဆန်းလုပ်ထားတဲ့ ရေတိုင်ကီနဲ့ အိမ်သာ ထည့်ဆောက်ထားတယ်၊ တထပ်အိမ် အပြင်ဘက်မှာ စောင့်ကြည့်ကင်မရာ ၁၀ လုံး တပ်ဆင်ထားပြီး အိမ်ကိုလည်း ၂ မီတာအမြင့် ခြံစည်းရိုး ခတ်ထားသေးတယ်လို့ ရဲတွေက ဆိုပါတယ်။ မိဘ ၂ ပါးကို အလောင်း တရားမဝင် စီစဉ်နေရာချထားမှုနဲ့ ဖမ်းဆီးထားပြီး ပိုမိုကြီးလေးတဲ့ အမှုတွေထိ စွဲဆိုနိုင်တယ်လို့ ဘီဘီစီသတင်းမှာ ဒီဇင်ဘာ ၂၇ ရက်နေ့က ဖော်ပြထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up