ဒုံးကျည်များတပ်ဆင်ရန် ရုရှားက တူရကီကို ဒေါ်လာ ၂ ဘီလီယံခွဲ ချေးငွေထောက်ပံ့မည်

ဓာတ်ပုံ - တွစ်တာ
တူရကီနိုင်ငံမှာ ရုရှားဒုံးကျည်တွေ တပ်ဆင်သွားမယ့်ကိစ္စအတွက် ရုရှားက တူရကီကို အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံ ပမာဏရှိတဲ့ ချေးငွေ ထောက်ပံ့သွားမယ်လို့ သိရပါတယ်။ မြေပြင်ကနေ ဝေဟင်ပစ် S-400 ဒုံးကျည် တပ်ဖြန့်ချထားရာမှာ ကုန်ကျမယ့်စရိတ် ၄၅ ရာခိုင်နှုန်းကို တူရကီက ကြိုတင်ငွေပေးသွားမှာဖြစ်ပြီး ကျန် ၅၅ ရာခိုင်နှုန်းကိုတော့ ရုရှားက ချေးငွေအနေနဲ့ ထောက်ပံ့သွားမှာဖြစ်တယ်လို့ ရုရှားအစိုးရပိုင် စီးပွားရေး လုပ်ငန်းကြီးတခုဖြစ်တဲ့ ရို့စ်တက်ခ် ဥက္ကဋ္ဌက ဒီဇင်ဘာ ၂၇ ရက်နေ့က ပြောပါတယ်။ အဲဒီကိစ္စနဲ့ပတ်သက်လို့ နှစ်ဖက်ဘဏ္ဍာရေးဝန်ကြီးတွေ ဆွေးနွေးခဲ့ကြပြီး နောက်ဆုံးသဘောတူညီချက်ကို အတည်ပြုပေးဖို့ပဲ လိုတော့တယ်လို့ သူက ဆိုပါတယ်။ တူရကီနိုင်ငံမှာ ရုရှားလုပ် S-400 ဒုံးကျည် အစိတ်အပိုင်းလေးခုကို တပ်ဆင်သွားမှာဖြစ်ပြီး ၂၀၂၀ ခုနှစ် မတ်လမှာ စတင်ပေးပို့သွားဖို့ ရုရှားဘက်က မျှော်လင့်ထားပြီး ဒီကိစ္စဟာ အနောက်နိုင်ငံတွေအတွက် စိုးရိမ်စရာဖြစ်ပါတယ်။ အကြောင်းကတော့ တူရကီဟာ နေတိုးတပ်ဖွဲ့ဝင်ဖြစ်ပြီး ရုရှားဒုံးကျည်စနစ်နဲ့ နေတိုးဒုံးကျည်စနစ်တို့ ပေါင်းစပ်လို့ မရနိုင်တာကြောင့် ဖြစ်ပါတယ်။ တူရကီဟာ နေတိုးအဖွဲ့ဝင်နိုင်ငံတွေထဲမှာ S-400 ရုရှားဒုံးကျည်စနစ်ကို ပထမဆုံး အသုံးပြုတဲ့နိုင်ငံဖြစ်ကြောင်း ရို့စ်တက်ခ်ဥက္ကဋ္ဌကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up