မင်းတုန်းမြို့နယ် လယ်တောထဲတွင် ရွာသား ၁ ဦး ဓားဖြင့်ခုတ်ခံရ
DVB
·
December 28, 2017
မကွေးတိုင်းဒေသကြီး မင်းတုန်းမြို့နယ် ဥယဉ်ပုကျေးရွာအနီး လယ်တောထဲမှာ ဒီဇင်ဘာ ၂၇ ရက် ညနေ ၆ ရီလောက်က ရွာသား ၁ ဦး ဓားခုတ်ခံရပြီး သတိမေ့လဲကျနေလို့ သွားရောက်ကူညီကယ်ဆယ်ရင်း ဓားနဲ့ ခုတ်သူကို တပါတည်း ဖမ်းဆီးရမိခဲ့တယ်လို့ မင်းတုန်းမြို့မရဲစခန်းနယ်ထိမ်းခေါင်းဆောင် ဒုရဲအုပ်အောင်မိုးဝင်းက ပြောပါတယ်။
“ဓားငှားတဲ့ ပြဿနာရှိဖူးလို့ ရန်စနဲ့ခုတ်တာလို့ ပြောတယ်။ ရွာလို့သာ ပြောတာ တောထဲက လယ်တဲမှာ အဝေးကြီးသွားရတာ”လို့ ဒုရဲအုပ်အောင်မိုးဝင်းက ပြောပါတယ်။
ဥယဉ်ပုကျေးရွာရဲ့ အရှေ့မြောက်ဘက် ၄ မိုင်အကွာကပဲ အခင်းစောင့် နေထိုင်တဲ့ ဦးအောင်ရှိန်(၄၆-နှစ်)ဟာ အိမ်သို့ပြန်လာချိန်မှာ တဲနီးနေထိုင်သူ ဘိုတိ ခေါ် ထွန်းအောင်ရှိန်က နောက်ကလိုက်ကာ ဓားနဲ့ ခုတ်တာလို့ဆိုပါတယ်။
ဦးအောင်ရှိန်ရဲ့ ညီမဖြစ်သူ မဝိုင်းစိန်က "ဓားဒဏ်ရာတွေနဲ့ လဲနေတာတွေ့လို့ အမေ့ကိုဖုန်းဆက်ပြီး ရွာကလူတွေအကူညီခေါ်ရတယ်။ မြို့က စေတနာ မွန်လူမှုကယ်ဆယ်ရေးကား ရောက်လာပြီး ဆေးရုံကိုပို့ရတယ်။ ဒဏ်ရာတွေကတော့ ဝဲဘက်နား ရွက်အောက်ဂုတ်ပိုး ၄ လက်မခန့်ပြတ်ရှဒဏ်ရာ၊ ဦးခေါင်း ဝဲဘက်ပြတ်ရှ ဏ်ရာတချက်၊ မေးစေ့ပြတ်ရှ ဒဏ်ရာတချက်တို့ ဖြစ်တယ်” လို့ ပြောပါတယ်။
မြို့နယ်ဆေးရုံအုပ်ကြီး ဒေါက်တာထွန်းလင်းအောင်က “ရောက်လာတော့ BP က ဇီးရိုးဘဲသွေး ၂ ပုလင်း သွင်းရတယ်။ အခုတော့ အခြေအနေကောင်းတယ်။ စောင့်ကြည့်အနေအထားပါပဲ စိုးရိမ်ရတယ်”လို့ ပြောပါတယ်။
အမှုကို မင်းတုန်းမြို့မရဲစခန်းက (ပ) ၁၃၆/၁၇ နဲ့ အမှုလက်ခံပြီး ရာဇသတ်ကြီး ပုဒ်မ ၃၂၆ နဲ့ အမှုကို ရဲအုပ်စိုးမိုးအောင်က စစ်ဆေးနေပါတယ်။
သတင်း - နေမှူးလူ