Home
မြန်မာသတင်း
မွန်ပြည်နယ်တွင် ဟိုတယ်နှင့် တည်းခိုရိပ်သာ ၁၁ လုံး ထပ်မံဆောက်ရန် လိုင်စင်တင်ပြထား
DVB
·
December 28, 2017
မွန်ပြည်နယ်တွင် ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းတွေ နှစ်စဉ်တိုးတက်မှုရှိနေပြီး လုပ်ငန်းလိုင်စင် ထပ်မံတင်ပြထားတဲ့ ဟိုတယ်နဲ့ တည်းခိုရိပ်သာ ၁၁ လုံးရှိကြောင်း မွန်ပြည်နယ်၊ ဟိုတယ်နှင့်ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာနမှ ဒုညွှန်ကြားရေးမှူး  ဦးသန်းထွဋ်ခိုင်က ပြောပါတယ်။ လက်ရှိ သထုံခရိုင်မှာ ဟိုတယ်နှင့်တည်းခိုရိပ်သာ ၁၈ လုံးနဲ့ မော်လမြိုင်ခရိုင်မှာ ၃၅ လုံး အထိရှိပြီး ဆောက်လုပ်နေဆဲ ဟိုတယ် ၆ လုံးရှိပါတယ်။ မော်လမြိုင်မြို့မှာ အခန်း အရေအတွက် ၇၇ ခန်းရှိ K.S ဟိုတယ်၊ ၃၅ ခန်းရှိ Golden Dream ဟိုတယ်၊ ၄၂ ခန်းရှိ Happy Star ဟိုတယ်၊ ၆၉ ခန်းရှိ Hotel Mawlamyine နဲ့ ကျိုက်ထိုမြို့နယ်မှာ အခန်းအရေအတွက် ၁၄၄ ခန်းရှိ Kyaikhto Prince Resort ဟိုတယ်၊ ၂၄ ခန်းရှိ ပေါ်ပြူလာဟိုတယ်တို့ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ဆောက်လုပ်ခွင့်လိုင်စင်တင်ပြထားတဲ့ ဟိုတယ်နဲ့ တည်းခိုခန်း ၁၁ လုံးမှာ မော်လမြိုင်မြို့မှာ New Mawlamyine ဟိုတယ်နဲ့ ၁၀ ထပ်ခွဲဟိုတယ်၊ မုဒုံမြို့နယ်မှာ Golden ဟိုတယ်နှင့် မိုတယ်မုဒုံ၊ သံဖြူဇရပ်မြို့နယ်မှာ စက်စဲကမ်းခြေဟိုတယ်၊ ကျိုက်ထိုမြို့နယ်မှာ ၀င်းတည်းခိုရိပ်သာနှင့် အခြားဟိုတယ် ၁ လုံး ၊ သထုံမြို့နယ်မှာ သုဝဏ္ဏဘုမ္မိဟိုတယ်၊ Sunday ဟိုတယ်၊ မြနဒီတည်းခိုရိပ်သာနဲ့ ပေါင်မြို့နယ်မှာ Daimond Angle တို့ဖြစ်ကြောင်း သိရပါတယ်။ ပြည်တွင်းမှာဟိုတယ်ခတွေဟာ အိမ်နီးချင်းနိုင်ငံတွေနဲ့နှိုင်းယှဉ်ပါက ဈေးအမြင့်ပိုင်းမှာ ရှိနေပြီး ဝန်ဆောင်မှုကလည်းမကောင်းဘူးလို့ နိုင်ငံခြားခရီးသွားဧည့်သည်အချို့ ဝေဖန်မှုများရှိနေတာပါ။ မွန်ပြည်နယ် ဟိုတယ်နှင့် ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြာရေးမှူး ဦးသန်းထွဋ်ခိုင်ကတော့  ခရီးသွားတွေ တိုးလာအောင်နဲ့ ထပ်တလဲလဲလာချင်လာအောင် အဓိကက ၀န်ဆောင်မှုအပိုင်းကောင်းဖို့ လိုအပ်တဲ့အကြောင်းနဲ့ ၀န်ထမ်းတွေ ၀န်ဆောင်မှုအပိုင်းမှာ အရည်အသွေးမြင့်အောင်သင်တန်းတွေပေးနေတယ်လို့ပြောပါတယ်။ "သူတို့ဆီမှာက ရင်းနှီးမြှုပ်နှံမှုများတယ်။ အခန်းတွေဆိုလည်း အများကြီးပဲ။ အဲဒီ အတွက် 5 star ဟိုတယ်တောင်မှ ဒေါ်လာ ၅၀ /၆၀ ဒီလောက်နဲ့ တည်းခိုလို့ရတယ်။ ဒီမှာကတော့ အခန်းတွေကလည်းနည်းတော့ ၁၀ ခန်း လောက်ပဲ တည်းတဲ့သူရှိလည်း မီးတွေ ဘာတွေဆိုရင် အကုန်ထွန်းထားရတာတွေ ရှိတယ်။ စရိတ်တွေခံရတော့ အဲ့စရိတ်တွေ ဝင်သွားတာပေါ့"လို့  ပြောပါတယ်။ လက်ရှိမော်လမြိုင်မြို့နယ်မှာ ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်တွေက ငွေမိုးဟိုတယ် နဲ့ Strand ဟိုတယ်တို့မှာ အများဆုံးတည်းခိုကြပါတယ်။ သတင်း - အာကာမင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024