ပြင်ဦးလွင်အမတ် ဦးအောင်မင်း နုတ်ထွက်ပေးရန် တောင်သူများ ဆန္ဒပြတောင်းဆို
Aung Aung Naing
·
December 28, 2017
မန္တလေးတိုင်းဒေသကြီး စဥ့်ကူးမြို့နယ်၊ မတ္တရာမြို့နယ်၊ ပြင်ဦးလွင်မြိုနယ်တို့က ဒေသခံ တောင်သူ ၃၀၀ ကျော်က မန္တလေးတိုင်းဒေသကြီး အမှတ်(၁) ပြင်ဦးလွင် လွှတ်တော်ကိုယ်စား လှယ် ဦးအောင်မင်းကို ကန့်ကွက်ပြီး နုတ်ထွက်ပေးဖို့ ပြင်ဦးလွင်မြို့၊ ဉာဏ်တောဘောလုံးကွင်းမှာ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
တောင်သူတွေကို အကာအကွယ်မပေးလို့ အခုလို တောင်းဆိုကြတာလို့ ဆန္ဒပြပွဲကို ဦးဆောင်သူ တောင်သူလယ်သမားအရေး လှုပ်ရှားသူ ဦးကိုကိုနိုင်ကပြောပါတယ်။
“လွှတ်တော်ကိုယ်စားလှယ် တယောက်အနေနဲ့ တောင်သူတွေကို အကာအကွယ်မပေးဘဲ ခရိုနီတွေကိုသာ ကာကွယ်ပေးနေတာကြောင့် ဒေသခံတောင်သူတွေ အများကြီး နစ်နာခဲ့ကြရတယ်။ တောင်သူတွေဟာ လယ်ယာမြေတွေထဲမှာ မရှိဘဲ တရားစွဲခံ တောင်သူတွေ များလာလို့ အချုပ်ခန်းနဲ့ မြို့်နယ်တရားရုံးမှာပဲ တောင်သူတွေ ရှိနေရတယ်။ ပြည်သူတွေ ရွေးချယ်တင်မြှောက်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်က ပြည်သူဖြစ်တဲ့ တောင်သူတွေကို ပြန်မကြည့်တာကြောင့် အခုလို ပြုလုပ် ဆန္ဒထုတ်ဖော်ရတာ”
၂၀၀၆ ခုနှစ် စစ်အစိုးရလက်ထက်က ကော်ဖီခြံစီမံကိန်း၊ ကတက်ပင်စီမံကိန်းအဖြစ် သိမ်းယူခဲ့တဲ့ လယ်ယာမြေတွေကို မူလတောင်သူတွေက ပြန်လည်ရယူနိုင်ဖို့ လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မင်းဆီ အကြိမ်ကြိမ် တင်ပြတိုင်တန်းခဲ့ပေမယ့် ဆောင်ရွက်ဖြေရှင်း ပေးတာတွေ မရှိဘူးလို့လည်း တောင်သူတွေကဆိုပါတယ်။
ဆန္ဒထုတ်ဖော်ပွဲကို မိုးကြိုးပစ်ရွာ၊ ၁၃ ညံကွဲ ပတ်လည်အင်း စတဲ့ ကျေးရွာတွေက သိမ်းဆည်းခံ လယ်ယာမြေ ပိုင်ဆိုင်သူတွေ တက်ရာက်ခဲ့ကြပြီး ပြင်ဦးလွင်မြို့်နယ်ထဲမှာ တရားစွဲခံ တောင်သူ ၂၀၀ေေ ကျာ် ရှိတယ်လို့ သိရပါတယ်။
ဒီကိစ္စလွှတ်တော်ကိုယ်စားလှယ် ဦးအောင်မင်းကို ဆက်သွယ်မေးမြန်းရာမှာ ဖြေကြားခြင်း မရှိခဲ့ပါဘူး။