ညောင်လေးပင်မြို့တွင် တရားမဝင် ပျဉ်းကတိုးခွဲသားများ ဖမ်းဆီးရမိ
DVB
·
December 28, 2017
ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့မှာ ဒီဇင်ဘာ ၂၇ ရက်နေ့ ည ၉ နာရီအချိန်က ၆ ဘီးယာဉ် ၁ စီးပေါ်ကနေ တရားမဝင် ပျဉ်းကတိုးခွဲသားတွေ ဖမ်းဆီးရမိခဲ့တယ်လို့ မြို့နယ် သစ်တောဦးစီးမှူးက ပြောပါတယ်။
ညောင်လေးပင်မြို့ ရန်ကုန်-မန္တလေး ကားလမ်းဟောင်း မိုင်တိုင်အမှတ် ၉၉/၆ (စိန်သဇင် ဆီဆိုင်) အနီးမှာ မြို့နယ်သစ်တောဦးစီးနှင့်အဖွဲ့မှ သတင်းအရ သွားရောက်စောင့်ဆိုင်းနေစဉ် မန္တလေးဘက်ကနေ ရန်ကုန်ဘက်ကို ယာဉ်မောင်း ကိုမျိုးလွင် မောင်းနှင်လာတဲ့ ၆ ဘီးယာဉ်အား ရပ်တန့်စစ်ဆေးရာမှ တရားမဝင် ပျဉ်းကတိုးသစ်ခွဲသားတွေကို ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။
မြို့နယ်သစ်တောဦးစီးမှူး ဦးသူရအောင်က “လက်ထောက်ညွှန်ကြားရေးမှူးရဲ့ သတင်းအရ စောင့်ဆိုင်စစ်ဆေးနေစဉ်မှာ ဖမ်းဆီးရမိခဲ့တာပါ။ တရားခံကိုလည်း မိပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
စစ်ဆေးတိုင်းတာချက်အရ တရားမဝင် ပျဉ်းကတိုးခွဲသား ၄၉၅ ချောင်း ၃ တန်လောက် ကာလတန်ဖိုးငွေ ၁၇ သိန်းကျော် ဖမ်းဆီးရမိခဲ့တာလို့ သိရပါတယ်။
တရားမဝင် ပျဉ်းကတိုးခွဲသားတွေ တင်ဆောင်လာသူ ယာဉ်မောင်း ကိုမျိုးလွင်ကို ညောင်လေးပင်မြို့ သစ်တောဦးစီးမှူးက သစ်တောဥပဒေပုဒ်မ ၄၂(ခ) နဲ့ အမှုဖွင့် တရားစွဲဆိုသွားမယ်လို့ သိရပါတယ်။
သတင်း - နေလင်းထိုက်