စိတ်ကြွဆေးသုံးရန် ငွေတောင်းသည့်သားကို ဖခင်က သေနတ်ဖြင့်ပစ်သတ်

ဓာတ်ပုံ - ခေါဝ်ဆွတ်
1.9K
ထိုင်းနိုင်ငံမြောက်ပိုင်း လွေးခရိုင်ထဲမှာ စိတ်ကြွဆေးသုံးဖို့ ငွေတောင်းတဲ့ သားဖြစ်သူကို ဖခင်က သေနတ်နဲ့ပစ်သတ်လိုက်တယ်လို့ ခေါဝ်ဆွတ် ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
လွေးခရိုင် ပါက်ချုမ်းမြို့ ချိန်းကလုမ်းရပ်ကွက်ထဲမှာ မနေ့မနက် ၃ နာရီလောက်က လူသတ်မှုဖြစ်ပွားကြောင်း သတင်းပေးပို့ချက်အရ နေအိမ်တလုံးကို သွားရောက်စစ်ဆေးရာမှာ အိပ်ခန်းခုတင်ပေါ်မှာ သေနတ်ဒဏ်ရာနဲ့ လဲနေတဲ့ အသက် ၂၃ နှစ်ရွယ် နိုင်းဆဖားဖွန်း မဟာမနီးဆိုသူ လူရွယ်တဦးကို တွေ့ရတယ်လို့ ချိန်းကလုမ်းနယ်မြေရဲစခန်း စခန်းမှူးက သတင်းထောက်တွေကို ပြောပါတယ်။
လူရွယ်ဟာ ဝမ်းဗိုက်နဲ့ ညာဘက်နံကြားကနေ ဘယ်ဘက်နံကြားကို ၉ မမ ကျည်ဆံ ဖောက်ထွက်သွားတဲ့ဒဏ်ရာတွေ ရခဲ့ပြီး သွေးအထွက်လွန်တာကြောင့် ဆေးရုံမရောက်ခင် လမ်းခုလတ်မှာပဲ ဆုံးပါးသွားတယ်လို့ ဆိုပါတယ်။
သေဆုံးသူလူရွယ်ရဲ့ မိခင်ပြောပြချက်အရ အခင်းမဖြစ်ပွားခင်က သားဖြစ်သူနဲ့ သူ့ဖခင်တို့ စကားများခဲ့ကြကြောင်း၊ သားဖြစ်သူက စိတ်ကြွဆေးသုံးဖို့ ဖခင်ထံ ဘတ်ငွေ ၁၂၀၀ တောင်းရာမှာ ဖခင်က မပေးတဲ့အတွက် သားက အဖေကို ဓားနဲ့အရင်ထိုးဖို့လုပ်စဉ် အဖေက သေနတ်နဲ့ပစ်လိုက်တာလို့ ဆိုပါတယ်။
ဖခင်ဟာ သားကို သေနတ်နဲ့ပစ်ပြီးနောက် ဟိုင်းလပ်ကားနဲ့ ထွက်ပြေးတိမ်းရှောင်နေလို့ သူ့ကို လူသတ်မှုနဲ့ ဖမ်းဆီးအရေးယူနိုင်ဖို့ ရဲတွေက ဆက်လက်စုံစမ်းရှာဖွေနေတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။