Homeရုပျသံ
ငွေကြေးခဝါချမှုဖြင့် ဖမ်းဆီးခံ မြန်မာအမျိုးသမီးနှင့်ဆက်နွှယ်သည့် နေအိမ် ထိုင်းရဲ ဝင်စီး (ရုပ်သံ)
ငွေကြေးခဝါချမှုဖြင့် ဖမ်းဆီးခံ မြန်မာအမျိုးသမီးနှင့်ဆက်နွှယ်သည့် နေအိမ် ထိုင်းရဲ ဝင်စီး (ရုပ်သံ)
DVB
·
December 28, 2017
ထိုင်းဘက်မှာ မူးယစ်ဆေးဝါးရောင်းပြီး ရလာတဲ့ငွေတွေ မြန်မာပြည်သို့ ပြန်လည် လွှဲပြောင်းမှု သံသယနဲ့ ဖမ်းဆီးခံထားရတဲ့ မြန်မာအမျိုးသမီး နန်းမြင့်သိန်းအေးနဲ့ပတ်သက်တဲ့ နေအိမ်တအိမ်ကို ထိုင်းမူးယစ်ရဲတပ်ဖွဲ့က ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၅ ရက်နေ့မှာ ၀င်ရောက်စီးနင်းခဲ့ပါတယ်။
ထိုင်းနိုင်ငံ အလယ်ပိုင်း ဆမွတ်ပရကန်ခရိုင် ထေဖရတ်ရပ်ကွက် ဘန့်ဘွန်ခွန်းအိမ်ရာမှ နှစ်ထပ်တိုက်တစ်လုံးဟာ ထိုင်းမူးယစ်ရဲတပ်ဖွဲ့က အလိုရှိကြောင်း ထုတ်ပြန်ကြေညာထားသူ နိုင်းဖုန်းချိုင်း တိန်းထပ် ၃၀ နှစ်နဲ့ နန်းဆောင် ဆဆီမာဖန်း ဆုဖနွတ် ၂၇ နှစ်ဆိုသူ စုံတွဲရဲ့ နေအိမ်ဖြစ်ကြောင်း စုံစမ်းသိရှိရတဲ့အတွက် တာဝန်ရှိရဲတွေက အဆိုပါနေအိမ်ကို ဒီဇင်ဘာ ၂၅ ရက်နေ့မှာ သွားရောက်စီးနင်းရှာဖွေခဲ့တာ ဖြစ်ပါတယ်။
နိုင်းဖုန်းချိုင်းတို့ စုံတွဲဟာ ပြီးခဲ့တဲ့လက ဘတ်သန်းပေါင်းထောင်နဲ့ချီပြီး ငွေကြေးခ၀ါချမှု သံသယနဲ့ အဖမ်းခံထားရတဲ့ နန်းမြင့်သိန်းအေးနဲ့ ဘတ်ငွေသန်းနဲ့ချီ လွှဲပြောင်းထားတဲ့ ဘဏ်စာအုပ် အထောက်အထားတွေ စစ်ဆေးတွေ့ရှိရသလို သူတို့ရဲ့ လက်အောက်ငယ်သားတဦးမှာလည်း ပြီးခဲ့တဲ့ စက်တင်ဘာက မူးယစ်ဆေးဝါးမှုနဲ့ ဖမ်းဆီးခံထားရတယ်လို့ ထိုင်းအမျိုးသား မူးယစ်ရဲတပ်ဖွဲ့မှ ဒုရဲချုပ် ဆုမ်မိုင် ကောင်ဝိဆိုင်ဆုခ်က သတင်းထောက်တွေကို ပြောပါတယ်။
ဒီမတိုင်ခင်က သူတို့နှစ်ဦးစီးနင်းနေကျ အဖြူရောင် BMW ကားတစ်စီးကို မြန်မာနယ်စပ် မယ်ဆိုင်မြို့ရှိ နေအိမ်တစ်လုံးမှာ ရပ်ထားတာ တွေ့ခဲ့ကြောင်း၊ အဲဒီအိမ်ဟာလည်း နိုင်းဖုန်း ချိုင်းအမည်နဲ့ ၀ယ်ထားတဲ့ အိမ်ဖြစ်ပြီး သူတို့စုံတွဲကတော့ မြန်မာဘက်ခြမ်း တာချီလိတ်ဘက် တိမ်းရှောင်သွားပြီလို့ ဒုရဲချုပ်က ပြောပါတယ်။
ရဲတွေက အဲဒီအိမ်ကနေ တယ်လီဖုံးဆင်းကတ်တွေ၊ တန်ဖိုးကြီးနာရီတွေ၊ ငွေစုစာအုပ် တွေ၊ နန်းမြင့်သိန်းအေးရဲ့ ဘဏ်စာရင်းထဲသို့ ဘတ်သန်းပေါင်း တစ်ရာကျော် ငွေလွှဲထားတဲ့ အထောက်အထားတွေ တွေ့ရပြီး ဘတ် ၁၀ သန်းတန်ဖိုးရှိ အဲဒီအိမ်ကိုလည်း ချိတ်ပိတ်ထား လိုက်ပါတယ်။
ဆမွတ်ပရကန်နေအိမ်မှာတော့ သူတို့ဆွေမျိုးတော်စပ်သူ ကလေးထိန်းနဲ့ ကလေးကို သာတွေ့ရပြီး မီးခံသေတ္တာကိုတော့ မတွေ့ရကြောင်း၊ နိုင်းဖုန်းချိုင်းမှာ နေအိမ် ၂ လုံးထက်မက ပိုင်ဆိုင်ပြီး ပိုင်ဆိုင်မှုတွေ ဖြန့်ခွဲသိမ်းဆည်းထားဟန်ရှိတယ်လို့ ဆိုပါတယ်။
သူတို့ စုံတွဲကို ဖမ်းဆီးရမိဖို့အတွက် တဘက်နိုင်ငံက မူးယစ်ရဲတွေနဲ့ ဆက်သွယ်ဆောင်ရွက်သွားမယ်လို့ ဒုရဲချုပ်က ပြောသွားပါတယ်။
နန်းမြင့်သိန်းအေးဟာ ထိုင်းနဲ့ မြန်မာ နှစ်နိုင်ငံကြား မူးယစ်ဆေးဝါး ရောင်းဝယ်ရရှိတဲ့ ငွေတွေကို ဆယ်နှစ်ကျော် လွှဲပြောင်းပြီး ငွေကြေးခဝါချပေးမှု သံသယနဲ့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၉ ရက်နေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။