မက္ကဆီကိုတွင် ဂျာနယ်လစ်အသတ်ခံရမှု ပါဝင်သူကို ဖမ်းဆီး

ဓာတ်ပုံ - mexiconewsdaily
မက္ကဆီကို နိုင်ငံမြောက်ပိုင်းမှာ  ဂျာနယ်လစ်တဦး အသတ်ခံရတဲ့ကိစ္စမှာ နောက်ကွယ်က ပါဝင်သူလို့ ယူဆရသူတဦးကို ဒီဇင်ဘာ ၂၅ ရက်က ဖမ်းဆီးလိုက်ပါတယ်။ မက္ကဆီကိုနိုင်ငံမှာ အခုနှစ် မတ်လ ၂၃ ရက်က အမျိုးသမီး ဂျာနယ်လစ်တစ်ဦးဖြစ်သူ မီရိုဆလာဗာဘရိခ်ျဟာ ကားဂိုဒေါင်က အထွက်မှာ သေနတ်အချက်ပေါင်းများစွာ ပစ်သတ်ခံခဲ့ရတာဖြစ်ပါတယ်။ ကားထဲမှာ သူရဲ့ သားတဦးရှိနေခဲ့ပေမယ့် ထိခိုက်ခံခြင်းတော့ မရှိခဲ့ပါဘူး။  အဲဒီလူသတ်မှုမှာ နောက်ကွယ်က စီစဉ်ညွှန်ကြားသူ၊ ပါဝင်ပတ်သက်သူလို့ ယူဆထားတဲ့  ကားလိုးစ်မိုရီနို အိုချိုအာ (ခေါ်) အီလာရီ ဆိုသူကို ဒီဇင်ဘာ ၂၅ ရက်နေ့က ဖမ်းဆီးပြီး ချီဟွာဟွာမြို့ အမှတ် ၁ အကျဉ်းထောင်မှာ ထိန်းသိမ်းထားတယ်လို့ ချီဟွာဟွာပြည်နယ်အုပ်ချုပ်ရေးမှူး ဆာဗီယာကော်ရယ်လ်က ပြောပါတယ်။ “ဒီလူသတ်မှုနဲ့ ပတ်သက်ပြီး နောက်ထပ်ပါဝင်ပတ်သက်နေသူတွေကိုလည်း ရှာဖွေဖော်ထုတ်သွားပါတယ်။ အစိုးရရှေ့နေရုံးက လုပ်ငန်းစဉ်တွေ စတင်ပြီဆိုရင် အခုစွပ်စွဲခံရသူ အီလာရီနဲ့ ပတ်သက်တဲ့ အဓိကကျတဲ့ စုံးစမ်းစစ်ဆေးမှု၊ စုံစမ်းစစ်ဆေးမှုနဲ့ ပတ်သက်တဲ့ နည်းလမ်းတွေကို ပြောကြားသွားပါမယ်။” အမျိုးသမီး ဂျာနယ်လစ်မီရိုဆလာဗာဘရိခ်ျ ပစ်သတ်ခံရရာမှာ ကိုယ်တိုင်သေနတ်နဲ့ ပစ်သတ်ခဲ့သူလို့ စွပ်စွဲခံရသူ ရာမွန်အန်ဒရေ ဆာဗာလာ ဆိုသူဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကပဲ ဆိုနာရာပြည်နယ်မှာ သတ်ဖြတ်ခံခဲ့ရပါတယ်။ မက္ကဆီကို နိုင်ငံဟာ ဂျာနယ်လစ်တွေအတွက် ကမ္ဘာပေါ်မှာ အန္တရာယ်အရှိဆုံးနိုင်ငံ တခုဖြစ်တယ်လို့ နယူးယောက်အခြေစိုက် ဂျာနယ်လစ်အခွင့်အရေးကာကွယ်ရေးအဖွဲ့ဖြစ်တဲ့ CPJ အဖွဲ့က ထုတ်ပြန်ထားပါတယ်။ မက္ကဆီကိုနိုင်ငံမှာ ၁၉၉၂ ခုနှစ်ကစပြီး အခုချိန်ထိ အသတ်ခံခဲ့ရတဲ့ ဂျာနယ်လစ်ဦးရေဟာ ၄၃ ဦးထိ ရှိပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up