ပရီးမီးယားလိဂ်ပွဲစဉ် ၂၀ အဖြစ် မန်စီးတီးနဲ့ နယူးကာဆယ်တို့ မနေ့က ယှဉ်ပြိုင်ရာ မန်စီးတီးက ၁ ဂိုး ဂိုးမရှိနဲ့နိုင်ပြီး နိုင်ပွဲဆက်စံချိန် ထပ်တင်လိုက်ပါတယ်။
မန်စီးတီးဟာ ဒီပွဲမှာ ဂိုးသမား အီဒါဆင်၊ နောက်တန်းမှာ ဝေါ်လ်ကာ၊ အော်တာမန်ဒီ၊ ကွန်ပနီ၊ ဒန်နီလို၊ ကွင်းလယ်မှာ ဒီဘရိုင်း၊ ဖာနန်ဒင်ဟို၊ ဂန်ဒိုဂန်၊ ဘာနာဒိုဆေးလ်ဗား၊ စတာလင်တို့နဲ့ ပွဲထွက်လာပြီး ရှေ့တန်းမှာ တိုက်စစ်မှူး အဂွေရိုကို အသုံးပြုခဲ့ပါတယ်။
နယူးကာဆယ်ကွင်းမှာ ယှဉ်ပြိုင်ရပေမယ့်လည်း မန်စီးတီးက ဘောလုံးပိုင်ဆိုင်မှု ၇၈ ရာခိုင်နှုန်းအထိ အသာစီးယူနိုင်သလို ထိုးဖောက်ကန်သွင်းခွင့်မှာလည်း အသာရခဲ့ပါတယ်။
ဒါပေမယ့်လည်း နယူးကာဆယ်ရဲ့ ခံစစ်နည်းဗျူဟာ ကောင်းမွန်ခဲ့တဲ့အတွက် မန်စီးတီး အနိုင်ဂိုးရဖို့တော့ ရုန်းကန်ခဲ့ရပါတယ်။
မန်စီးတီးအတွက် တလုံးတည်းသော အနိုင်ဂိုးကိုတော့ ပွဲချိန် ၃၁ မိနစ်မှာ ဒီဘရိုင်း ကန်တင်ပေးလိုက်တာကို စတာလင်က အနီးကပ်ပိတ်သွင်းပြီး ရယူပေးခဲ့ပါတယ်။
ဒီပွဲအနိုင်ရတဲ့အတွက် မန်စီးတီးဟာ ရမှတ် ၅၈ မှတ်နဲ့ ဒုတိယနေရာက မန်ယူကို ၁၅ မှတ်ဖြတ်ပြီး ဆက်လက်ဦးဆောင်ထားနိုင်ပါတယ်။
နယူးကာဆယ်ကတော့ ရမှတ် ၁၈ မှတ်နဲ့ အဆင့် ၁၅ မှာ ရပ်တည်နေပါတယ်။