သက်တမ်းကုန်ဆုံးရက် မပါသည့် စားသောက်ကုန်လုပ်ငန်းများအား လိုင်စင်ပိတ်သိမ်းမည်
DVB
·
December 28, 2017
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင်အတွင်း သက်တမ်းကုန်ဆုံးရက် မပါရှိတဲ့ စားသောက်ကုန်လုပ်ငန်းတွေကို လုပ်ငန်းလိုင်စင် တလ ပိတ်သိမ်းတဲ့အထိ အရေးယူမယ်လို့ ကသာခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးကျော်အုန်းက ပြောပါတယ်။
ဒီဇင်ဘာ ၂၇ ရက် မနက်က အင်းတော်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရုံး ခန်းမမှာ ပြုလုပ်တဲ့ စားသုံးသူ အကာအကွယ်ပေးရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲမှာ စားသောက်ကုန်လုပ်ငန်းပိုင်ရှင်တွေ၊ ဈေးသည်တွေနဲ့ တွေ့ဆုံစဉ် ပြောကြားခဲ့တာပါ။
ကသာခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးကျော်အုန်းက “ရည်ရွယ်ချက်ကတော့ စားသုံးသူတွေဟာ အစားအသောက်တွေကို လုံခြုံစိတ်ချစွာ စားသောက်နိုင်ဖို့အတွက် အဓိက ဦးစားပေး ဟောပြောပါတယ်။ ကျနော်တို့ အငြင်းပွားမှု ဖြေရှင်းရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဆုံးဖြတ်ချက်အရ မုန့်ဖိုတွေမှာ သက်တမ်း ကုန်ဆုံးရက် ထည့်ဖို့လည်း ပြောထားပြီးပါပြီ။ ကောလင်းမြို့နယ် ဝန်းသိုမြို့နယ်မှာ သွားစစ်ဆေးတော့ သက်တမ်းကုန်ဆုံးရက်တွေ မတွေ့တဲ့အတွက် အစည်းအဝေး ဆုံးဖြတ်ချက်အရ အခုတကြိမ် စစ်ဆေးပြီး နောက်တကြိမ် ထပ်မံတွေ့ရှိပါက လုပ်ငန်းလိုင်စင် တလ ပိတ်သိမ်းဖို့အတွက် မုန့်ဆိုင်တွေရဲ့ ဝန်ခံချက်ထိုးထားပြီးပါပြီ”လို့ ပြောပါတယ်။
အင်းတော်မြို့ပေါ် ဈေးသည်တွေနဲ့ စားသောက်ကုန် လုပ်ငန်းရှင်တွေကို ရက်လွန် မှိုတက်ဆိုးဆေး အလွန်အကျွံ သုံးစွဲထားသော စားသောက်ကုန်တွေ မရောင်းဖို့ ဆွေးနွေး အသိပညာပေးတာ၊ သက်တမ်းကုန်ဆုံးရက်တွေကို စားသောက်ကုန်မှာ ထည့်သွင်းဖို့ ဝန်ခံချက် ရေးထိုးတာတွေကို ပညာပေး စစ်ဆေးဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။
သတင်း - ကိုကိုလင်း(အင်းတော်)