တကောင်းနီကယ်စက်ရုံ မြေယာလျော်ကြေးကိစ္စ ဆွေးနွေးပွဲ ပြေလည်မှုမရ

စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့နယ်၊ တကောင်းနီကယ်စက်ရုံက စွန့်ပစ်မြေကြောင့် ပျက်စီးခဲ့တဲ့ မြေယာလျော်ကြေးပေးဖို့ကိစ္စ သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ကုမ္ပဏီတို့ဆွေးနွေးပွဲ ပြေလည်မှု မရရှိခဲ့ပါဘူး။
၂၀၁၅ ခုနှစ်တုန်းက တကောင်းတောင် နီကယ်ထုတ်လုပ်ရေးကနေ ရေရှင်ချောင်းကတဆင့် အနီရောင်ရွှံ့စေးရည်တွေ ဒေသခံတွေရဲ့ လယ်ယာမြေတွေ အပေါ်ကို ဖုံးလွှမ်းခဲ့တာကြောင့် စိုက်ခင်းတွေ ပျက်စီးခဲ့ရတာ၊ စိုက်ပျိုးလို့ မရတော့တာနဲ့ ပတ်သက်ပြီး ကုမ္ပဏီက လျော်ကြေးငွေ၊ နစ်နာကြေးငွေ ပေးအပ်ဖို့ကိစ္စ မနေ့က ဒေသခံ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဌာနဆိုင်ရာတွေ၊ ကုမ္ပဏီတွေ တွေ့ဆုံဆွေးနွေးခဲ့တာပါ။
ဆွေးနွေးပွဲကိုသွားရောက်ခဲ့တဲ့ ထီးချိုင့်မြို့နယ်၊ မဲဆန္ဒနယ်အမှတ် ၂ မှ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဟန်က "ကျနော်တို့ စစ်ဆေးရေးအဖွဲ့က ကွင်းဆင်းစစ်ဆေးလို့ တွေ့ရှိချှက်တွေအတိုင်း သင့်တော်တဲ့ နစ်နာကြေး၊ လျော်ကြေးကိစ္စတွေနဲ့ပတ်သက်ပြီး မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဌာနဆိုင်ရာတွေ၊ ကျနော်တို့ ထီးချိုင့်က လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဌာနဆိုင်ရာတွေနဲ့ ကုမ္ပဏီတာဝန်ရှိသူတွေ ညှိခဲ့တာပါ။ ဒါပေမယ့် ပြေလည်မှု မရခဲ့ပါဘူး”လို့ ဒီဗွီဘီကို ပြောပါတယ်။
ပျက်စီးလယ်မြေဧရိယာနဲ့ပတ်သက်ပြီး တောင်သူတွေဘက်က တင်ပြချက်နဲ့ ကုမ္ပဏီဘက်က တင်ပြချက်ကွဲလွဲမှုတွေရှိနေသလို နစ်နာကြေးပေးရမယ့် ငွေပမာဏကိုလည်း ကုမ္ပဏီဘက်က လက်မခံဘူးလို့ လွှတ်တော်အမတ် ဦးသိန်းဟန်ကပြောပါတယ်။
“အဓိကအချက် ၂ ချက်ပေါ့နော်။ ပျက်စီးတဲ့ဧကအရ တောင်သူတွေ တင်ပြတာက၄၅၆.၂၇ ဧကနှင့် ကုမ္ပဏီက တင်ပြတာမှာ ကွဲလွဲမှုရှိနေတာ။ မန္တလေးတိုင်းဘက်က မကွာဘူး။ စစ်ကိုင်းတိုင်းအတွင်းက ၆၂.၂၁ ဧက ကွာနေတာ။ စစ်ဆေးရေးအဖွဲ့က သွားစစ်တာလည်း အမှန်တကယ် ပျက်စီးတာ တွေ့ရတယ်။ ကုမ္ပဏီကို ကွင်းဆင်းစစ်ဆေးဖို့ ပြောတော့လည်း သူတို့က ကွင်းဆင်းသွားကြည့်တာ မရှိဘူး။ အဲဒါ ကွာနေတယ်။ နောက်တချက်က နစ်နာကြေး၊ လျော်ကြေးကိစ္စ။ ဒေသခံတွေက ၁ ဧကကို ကျပ်သိန်း ၃၀ တောင်းတယ်။ ကုမ္ပဏီက ၁သိန်းခွဲသာပေးချင်တယ်။ ဒါကို ကျနော်တို့က ကြားချ ၁၀ သိန်းကနေ ၁၅ သိန်းကြားပေးဖို့ပြောတာကို ကုမ္ပဏီက မရဘူး။ အခုဆွေးနွေးပွဲက ဒေသခံ တောင်သူတွေတောင် မပါသေးဘူး။ ဒေသခံတွေသာပါရင် ပိုဆိုးမှာ။"
တကောင်းတောင် ဖာရိုနီကယ်သတ္တုတူးဖော်ရေးကို တရိုတ်နိုင်ငံ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီတခုဖြစ်တဲ့ စီနီကို ကုမ္ပဏီလီမိတက်က လုပ်ကိုင်နေတာပါ။ တကောင်းနီကယ်သတ္တု တူးဖော်ရေးအနေနဲ့လည်း ပွင့်လင်းမြင်သာမှု အားနည်းနေတယ်လို့ ဝေဖန်မှုတွေလည်း ရှိနေပါ တယ်။
အနီရောင်ရွှံ့စေးရည်တွေ လယ်မြေထဲလွှမ်းခဲ့တာကြောင့် အချို့ တောင်သူတွေမှာ သီးနှံတွေ ဆုံးရှုံးခဲ့ရသလို စိုက်ပျိုးလို့မရတဲ့ အနေအထားတွေလည်း ကြုံတွေ့နေရပါတယ်။ အချို့ စိုက်ပျိုးလို့ရတဲ့ နေရာတွေမှာလည်း သီးနှံအထွက်နှုန်း ၅၀ ရာခိုင်နှုန်းကနေ ၇၀ ရာခိုင်နှုန်းအထိ လျော့ကျတဲ့အတွက် တောင်သူတွေမှာ အရှုံးပေါ်နေတယ်လို့ သိရပါတယ်။
လွှတ်တော်ကိုယ်စားလှယ်၊ ထွေအုပ်၊ မြေစာရင်း၊ သဘာဝပတ်ဝန်းကျင် စတဲ့ ဌာနတွေ ပါဝင်တဲ့ စစ်ဆေးရေး အဖွဲ့တွေက ကွင်းဆင်းတွေ့ရှိချက်တွေ၊ သဘောထား မှတ်ချက်တွေကိုလည်း တင်ပြထားပြီး အခုဆွေးနွေးလို့ ပြေလည်မှုမရရှိခဲ့တာနဲ့ပတ်သက်ပြီး တိုင်းဒေသကြီးအစိုးရ၊ ပြည်ထောင်စု အစိုးရအဆင့်ဆင့်ကို တင်ပြသွားဖို့ ရှိနေပါတယ်။