လန်ဒန်မြို့အရှေ့ဘက် စထရပ်ဖို့ဒေသက ဝက်စ်ဖီးလ်ဒ် ဈေးဝယ်ကုန်တိုက်ကြီးမှာ လူငယ်ဂိုဏ်းအချင်းချင်း တိုက်ခိုက်မှုတွေဖြစ်လို့ ဈေးဝယ်သူတွေ ထွက်ပြေးခဲ့ရပြီး ရဲတွေ ဝင်ရောက်ထိန်းသိမ်းခဲ့ရပါတယ်။
ဒီတိုက်ခိုက်မှုဟာ ဒီဇင်ဘာလ ၂၆ ရက်နေ့က ဘောက်ဆင်ဒေးဆေးလ် (Boxing Day Sales) ဆိုပြီး ဈေးဝယ်စင်တာတွေ၊ ကုန်တိုက်တွေ ဈေးလျှော့ရောင်းတဲ့နေ့ နေ့လယ် ၂ နာရီခွဲလောက်က ဖြစ်ပွားခဲ့တာပါ။
အင်္ဂလန်နိုင်ငံနဲ့ ဗြိတိသျှအင်ပါယာဖြစ်ခဲ့တဲ့ နိုင်ငံတချို့မှာ ခရစ္စမတ်နေ့အပြီး နောက်တနေ့ ဒီဇင်ဘာ ၂၆ ရက်နေ့ကို ဘောက်ဆင်ဒေး (Boxing Day) ဆိုပြီး အားလပ်ရက်တရက်အဖြစ် ကျင်းပလေ့ရှိပါတယ်။
ဈေးဝယ်စင်တာ မြေညီထပ်မှာ ဖြစ်ပျက်နေတဲ့ ရုတ်ရုတ်သဲသဲဖြစ်မှုကို ထိန်းဖို့ ရဲတွေကို အကြောင်းကြားခဲ့ပြီး ဈေးဝယ်စင်တာရဲ့ ခန်းမထဲရောက်အောင် ရဲတွေက လူငယ်တွေကို မောင်းသွင်းနေကာ လူငယ်တွေကလည်း ရဲတွေကို ပြန်အော်ဟစ်နေတာ ရုပ်သံထဲ တွေ့ရပါတယ်။
အခင်းဖြစ်မှုအတွင်း လူငယ် ၇ ဦး ဖမ်းဆီးခံခဲ့ရပြီး ဓားတွေလည်း သိမ်းဆည်းခဲ့ရသလို ရဲတချို့ ဒဏ်ရာအနည်းငယ် ရရှိလို့ ဆေးရုံမှာ ကုသမှုခံနေရတယ်လို့လည်း သိရပါတယ်။
အခင်းဖြစ်တဲ့နေရာဆီ လုံခြုံရေးတွေ တိုးမြှင့်ပို့ထားတယ်လို့ ရဲအရာရှိတွေက ပြောလိုက်ပြီး အခုအခင်းဖြစ်မှုက အသေးစား အခင်းဖြစ်မှုဖြစ်ကြောင်း၊ ဘယ်တဦး တယောက်ကိုမှ ဘေးကင်းရာ ရွှေ့ပြောင်းရတာ မရှိသလို ရောင်းဝယ်မှုတွေလည်း ပုံမှန်အတိုင်း ဆက်ဖြစ်နေတယ်လို့ ဆိုပါတယ်။
အခင်းဖြစ်ပွားမှုနောက်ပိုင်း သေနတ်ပစ်ခတ်မှုတွေ ရှိခဲ့တယ်လို့ သတင်းထုတ်ပြန်တာ မှားယွင်းတယ်လို့ မက်ထရိုပိုလီတန်ရဲတွေက ပြောကြောင်းလည်း သည်ဆန်းသတင်းမှာ ဖော်ပြထားပါတယ်။