မုန်တိုင်းကြောင့် ဖိလစ်ပိုင်ရှိ ရွာတရွာတွင် လူ ၃၀ သေဆုံး၊ ၆၀ ခန့်ပျောက်ဆုံး

ဓာတ်ပုံ - အေအက်ဖ်ပီ
1.4K
ဖိလစ်ပိုင်နိုင်ငံကို ဝင်ရောက်ခဲ့တဲ့ အပူပိုင်းမုန်တိုင်း တမ်ဘင်ကြောင့် မင်ဒါနာအိုကျွန်းရှိ တူဂါယာရွာမှာ လူပေါင်း ၃၀ သေဆုံးခဲ့ပြီး ၆၀ ဝန်းကျင် ပျောက်ဆုံးနေသလို တရွာလုံး ပျက်စီးကာ ရွှံ့နွံထဲ နစ်မြုပ်ခဲ့ပါတယ်။
ဖိလစ်ပိုင်တပ်မတော်နဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေဟာ ပျောက်ဆုံးနေသူတွေကို ကြိုးစားရှာဖွေနေကြပါတယ်။
တူဘော့မြို့နယ် မီးသတ်ဌာန အကြီးအကဲက “ကျနော်တို့ စိတ်မကောင်းပါဘူး။ ကျနော်တို့ဟာ လူတွေကယ်တဲ့အလုပ် လုပ်နေပေမယ့် တကယ့်အမှန်တရားကို လက်ခံဖို့ မလွယ်ပါဘူး။ သဘာဝတရားဟာ ရှင်းပြရခက်ပါတယ်” လို့ ပြောပါတယ်။
ရွာသူတဦးကလည်း “ကျမတို့က မုန်တိုင်းနဲ့ အသားကျနေပြီးသားပါ။ မနှစ်တုန်းကလည်း ရွာကို မုန်တိုင်းဝင်ခဲ့ပါတယ်။ ဒါပေမယ့် ဒီလောက်မပြင်းဘူး။ မိုးကလည်း ဒီလောက်မကြီးဘူး။ ဒီတခါ အပြင်းဆုံးပဲ” လို့ ပြောပြခဲ့ပါတယ်။
မင်ဒါနာအိုတကျွန်းလုံးအနေနဲ့ဆိုရင်တော့ မုန်တိုင်း တမ်ဘင်ကြောင့် လူ ၂၀၀ ကျော်သေဆုံးပြီး ၁၅၀ ကျော် ပျောက်ဆုံးနေပါတယ်။
လူ ၇၀,၀၀၀ လောက်လည်း အိုးမဲ့အိမ်မဲ့ ဖြစ်နေတယ်လို့ အစိုးရသတင်းထုတ်ပြန်ချက်ကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။