A d v e r t i s e m e n t With Us

ထိုင်းတောင်ပိုင်းတွင် စစ်တပ်စစ်ဆေးရေးဂိတ်အချို့ တိုက်ခိုက်ခံရ

ဓာတ်ပုံ - Waedao Harai
ထိုင်းနိုင်ငံတောင်ပိုင်း နာရာသီဝပ်ခရိုင်က စစ်ဆေးရေးဂိတ် အတော်များများကို ဒီဇင်ဘာ ၂၅ ရက်နေ့က သေနတ်သမားတွေရဲ့ တိုက်ခိုက်မှုခံရပြီး မိုက်ခရိုဝေ့ဖ်မျှော်စင်ကို မီးရှို့ကာ လမ်းတွေကို သစ်ပင်တွေ၊ မီးလောင်နေတဲ့ ကားတာယာတွေနဲ့ ပိတ်ဆို့ခဲ့ကြပါတယ်။ ရပ်တန့်ထားတဲ့ ကားတွေကို ရဲတွေက ရှာဖွေချိန် ည ၉ နာရီ ၅၅ မိနစ်အချိန်မှာ နာရာသီဝပ်ခရိုင်ရှိ ချက်ဝါရင် ရေတံခွန်ဆီသွားတဲ့ လမ်းနားက စစ်ဆေးရေးဂိတ်တခုကို သေနတ်သမားတွေက တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်တပ် စစ်ဆေးရေးဂိတ်တခုကိုလည်း သေနတ်တွေနဲ့ ပစ်ခတ်ခဲ့ကြပါတယ်။ ရိုင်ဖယ်သေနတ်တွေ ကိုင်ဆောင်ထားတဲ့ နောက်အုပ်စုတစုကလည်း စစ်တပ်ကင်းတခုကို မိနစ် ၂၀ ကြာအောင် ပစ်ခတ်ခဲ့ပြီး စစ်တပ်ရဲ့ ကင်းမျှော်စင်တခုကို အမ်-၇၉ ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။ ဒါပေမယ့် ပစ်မှတ်ကိုတော့ မထိခဲ့ဘူးလို့ သိရပါတယ်။ တိုက်ခိုက်သူတွေဟာ စစ်ဆေးရေးဂိတ်တွေက လွတ်မြောက် မထွက်ပြေးခင် စစ်ဆေးရေးဂိတ်နဲ့ ၄၀၀ မီတာအကွာ လမ်းပေါ်မှာ သံစူးချွန်တွေကို ဖြန့်ကျဲသွားပါသေးတယ်။ အခင်းဖြစ်ပွားရာနေရာမှာ အမ်-၁၆ ရိုင်ဖယ်နဲ့ အမ်-၇၉ ဒုံးကျည်တွေရဲ့ ကျည်ခွံတွေကို တွေ့ရပြီး ဗျောက်အိုးတွေထည့်ထားတဲ့ အပြာရောင်ပုံးတပုံးလည်း ပေါက်ကွဲခဲ့ပါတယ်။ ဒီလိုလုပ်တာက သူတို့လွတ်မြောက်အောင် ပရိယာယ်ဆင်ခဲ့တာ ဖြစ်နိုင်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ ဒီတိုက်ခိုက်မှုတွေအတွင်း ပြည်သူလူထု၊ ရဲနဲ့ စစ်သား တဦးတယောက်မှ ထိခိုက်ဒဏ်ရာ မရရှိဘူးလို့ သိရပါတယ်။ ဆုငိုင်ပါဒီခရိုင်မှာ ဒီတက် (DTAC) မိုက်ခရိုဝေ့ဖ် မျှော်စင်အောက်ဘက်ကို ကားတာယာတွေပုံပြီး မီးရှို့ခဲ့လို့ မျှော်စင် ပျက်စီးသွားပါတယ်။ ဆုငိုင်ပါဒီခရိုင်နဲ့ ဆုငိုင်ကိုလော့ခ်မြို့ကို ဆက်ထားတဲ့ လမ်းတွေကိုလည်း သေနတ်သမားတွေက မီးရှို့ထားတဲ့ ကားတာယာတွေ၊ အပိုင်းပိုင်းခုတ်ထစ်ထားတဲ့ သစ်ပင်တွေနဲ့ ပိတ်ဆို့ခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဒီဇင်ဘာ ၂၆ ရက်နေ့က ဖော်ပြထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up