မိတ္ထီလာတွင် အသက် ၈၉ နှစ်ရှိအဖိုး ၁ ဦး ဆွဲကြိုးချသေဆုံး
DVB
·
December 27, 2017
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ အောင်ဆန်းရပ်ကွက် စက်တန်းရပ်မှာ အသက် ၈၉ နှစ်ရှိအဖိုး ၁ ဦး ဒီဇင်ဘာလ ၂၆ ရက် ညက ဆွဲကြိုးချ သေဆုံးသွားတယ်လို့ မိတ္ထီလာ မြို့မရဲစခန်း တာဝန်ကျရဲအရာရှိက ပြောပါတယ်။
ဖြစ်စဉ်မှာ အဖိုးဦးသန်ဝင်းဟာ စိတ်ကျရောဂါကြောင့် စိတ်မူမမှန်ဖြစ်နေပြီး တဦးတည်း နေထိုင်တာဖြစ်ပါတယ်။ သူနေထိုင်ရာ ၁၀ ပေပတ်လည် ထရံကာ သွတ်မိုး နေအိမ်ရဲ့ ထုတ်တန်းမှာ လုံးပတ် လက်သန်းလောက်ရှိတဲ့ အဝါရောင်နိုင်လွန်ကြိုး ချည်နှောင်ကာ ဆွဲကြိုးချ သေဆုံးသွားခဲ့တာပါ။
မိတ္ထီလာမြို့မရဲစခန်းရဲအုပ်လှမြင့်ဦးက “အဖိုးရဲ့နေအိမ်ထုတ်တန်းနဲ့မြေပြင် အမြင့် ၈ပေ လောက်ရှိတယ်။ နိုင်လွန်ကြိုး ၃ ပေကို ထုပ်တန်းချည်လိုက်တော့ ၂ ပေလောက်တော့ ကျန်မယ် ထင်တယ်။ အဖိုးရဲ့ခြေထောက်နဲ့ မြေပြင်က ၁၀ လက်မလောက်အကွာနဲ့ သေဆုံးသွားတယ်။ အပြင်ဒဏ်ရာတော့ မတွေ့ရဘူး။ မိတ္ထီလာဆေးရုံမှာ စစ်ဆေးဖို့ ပို့ပေးလိုက်တယ်"လို့ ပြောပါတယ်။
မိတ္ထီလာမြို့မရဲစခန်းမှာ သေမှုသေခင်း အမှတ်စဉ် ၁၇/၂၀၁၇ နဲ့အမှုဖွင့်ပြီး ဓမ္မတာအတိုင်း သေဆုံးတာ ဟုတ်၊ မဟုတ် စုံစမ်းစစ်ဆေးနေပါတယ်။
သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)