မြန်မာ-တရုတ်နယ်စပ် ကုန်သွယ်မှု အမေရိကန် ဒေါ်လာ (၁) ဘီလီယံထိတိုးလာ
DVB
·
December 27, 2017
၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှာ မြန်မာ-တရုတ် နယ်စပ် ကုန်သွယ်မှုပမာဏ အမေရိကန် ဒေါ်လာ (၁) ဘီလီယံအထိ တိုးတက်ခဲ့တယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုဝန်ကြီး ဦးအောင်ထူးက ပြောပါတယ်။
ဒီဇင်ဘာ ၂၆ ရက်က တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ရွှေလီမြို့မှာ ပြုလုပ်ခဲ့တဲ့ (၁၆) ကြိမ်မြောက် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး ကုန်စည်ပြပွဲ ဖွင့်ပွဲ အခမ်းအနားမှာ ပြောခဲ့တာ ဖြစ်ပါတယ်။
မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ပင်လယ်ရေကြောင်းအပါအဝင် စုစုပေါင်း ကုန်သွယ်မှု ပမာဏဟာ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှာ အမေရိကန်ဒေါ်လာ (၁၀ ဒသမ ၈၁) ဘီလီယံအထိ ရှိခဲ့တယ်လို့လည်း ပြောပါတယ်။
မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်ဟာ မြန်မာ-တရုတ်နယ်စပ် ကုန်သွယ်ရေးအတွက် အရေးပါရုံ သာမက ဒေသတွင်း အရှေ့တောင်အာရှနဲ့ တောင်အာရှ နိုင်ငံများအကြား မဟာဗျူဟာကျတဲ့ ကုန်သွယ်ရေးဇုန် တစ်ခုဖြစ်ပါတယ်။
နှစ်နိုင်ငံနယ်စပ်မှာ ကုန်စည်ပြပွဲကျင်းပတာဟာ နှစ်နိုင်ငံ ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်နိုင်ပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူပြုစေမှာ ဖြစ်တယ်လို့ မြန်မာအစိုးရက မျှော်မှန်းထားပါတယ်။
တရုတ်-မြန်မာ နှစ်နိုင်ငံကုန်စည်ပြပွဲကို ၂၀၀၁ ခုနှစ်က စတင်ပြီး နှစ်နိုင်ငံအလှည့်ကျ ကျင်းပလာခဲ့တာ အခုအကြိမ်က (၁၆) ကြိမ်မြောက် ကျင်းပတာဖြစ်ပါတယ်။
အခုပြပွဲမှာ မြန်မာနိုင်ငံဘက်က ကုမ္ပဏီပေါင်း ၃၉ ခုရဲ့ ပြခန်းပေါင်း ၅၄ ခန်း ပြသနေပြီး တရုတ်နိုင်ငံဘက်က ပြခန်းပေါင်း ၁၅၀ ခန့် ခင်းကျင်း ပြသနေပါတယ်။
ဓာတ်ပုံ-MOI