ချဲလ်ဆီး ၂ – ၀ ဘရိုက်တန်၊ လီဗာပူး ၅ – ၀ ဆွမ်ဆီး (ရုပ်သံ)

1.5K
ပရီးမီးယားလိဂ် ပွဲစဉ် ၂၀ အဖြစ် မနေ့ညက ယှဉ်ပြိုင်တဲ့ပွဲစဉ်တွေမှာ ချဲလ်ဆီးက ဘရိုက်တန်ကို ၂ ဂိုး ဂိုးမရှိ၊ လီဗာပူးက ဆွမ်ဆီးကို ၅ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။
ချဲလ်ဆီးနဲ့ ဘရိုက်တန်တို့ ပွဲစဉ် ပထမပိုင်းမှာ တဖက်နဲ့တဖက် ဂိုးမသွင်းနိုင်ဘဲ သရေကျခဲ့တာပါ။
ချဲလ်ဆီးဟာ တိုက်စစ်မှူး မိုရာတာ၊ ဟာဇက်၊ ကန်တေ၊ ဖာဘရီဂတ်စ် စတဲ့ အဓိက ကစားသမားတွေနဲ့ ပွဲထွက်ခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှုရော ထိုးဖောက်ကန်သွင်းခွင့်တွေမှာပါ အသာစီးရခဲ့ပါတယ်။
ချဲလ်ဆီးအတွက် အနိုင်ဂိုးတွေကို ပွဲချိန် ၄၆ မိနစ်မှာ တိုက်စစ်မှူး မိုရာတာနဲ့ မိနစ် ၆၀ မှာ အလွန်ဆိုတို့က သွင်းယူပေးခဲ့ပါတယ်။
ဒီပွဲစဉ်အပြီးမှာတော့ ချဲလ်ဆီးက ရမှတ် ၄၂ မှတ်နဲ့ ဒုတိယနေရာက မန်ယူနဲ့ တမှတ်အကွာ တတိယနေရာမှာ ရပ်တည်နေပြီး ဘရိုက်တန်ကတော့ ရမှတ် ၂၁ မှတ်နဲ့ အဆင့် ၁၂ မှာ ရှိနေပါတယ်။
လီဗာပူးနဲ့ ဆွမ်ဆီးနဲ့ ပွဲစဉ်မှာတော့ လီဗာပူး တိုက်စစ်မှူး ဖာမီနို ခြေစွမ်းပြပြီး ၂ ဂိုး သွင်းယူမှုနဲ့အတူ ဆွမ်ဆီးကို ၅ ဂိုးပြတ် အနိုင်ရခဲ့ပါတယ်။
လီဗာပူးဟာ အဓိက ကစားသမားတွေဖြစ်တဲ့ ကော်တင်ဟို၊ ဖာမီနို၊ ဆာလက် တိုက်စစ်အတွဲနဲ့ ပွဲထွက်ခဲ့တာပါ။
အမှတ်ပေးဇယား အောက်ဆုံးမှာ ရောက်နေတဲ့ ဆွမ်ဆီးအသင်းကို လီဗာပူး ဖိအားပေး ကစားနိုင်ပြီး ဘောလုံးပိုင်ဆိုင်မှုအသာ၊ ဂိုးကန်သွင်းခွင့် အသာစီး ရခဲ့ပါတယ်။
လီဗာပူးအတွက် အနိုင်ဂိုးတွေကို ပွဲချိန် ၆ မိနစ်မှာ ကော်တင်ဟို၊ ၅၂ မိနစ်နဲ့ ၆၆ မိနစ်တွေမှာ ဖာမီနို၊ ၆၅ မိနစ်မှာ အလက်ဇန်းဒါးအာနိုးနဲ့ ၈၂ မိနစ်မှာ ချိန်ဘာလိန်တို့က သွင်းယူပေးခဲ့ပါတယ်။
ဒီပွဲအနိုင်ရတဲ့ လီဗာပူးက ၃၈ မှတ်နဲ့ အဆင့် ၄ မှာ ရပ်တည်နေပြီး ဆွမ်ဆီးကတော့ ရမှတ် ၁၃ မှတ်နဲ့ အမှတ်ပေးဇယား အောက်ဆုံးမှာ ရှိနေပါတယ်။