ဟယ်ရီကိန်း၏ ဟက်ထရစ်ဂိုးအပါအဝင် ၅ ဂိုး ၂ ဂိုးဖြင့် စပါးက ဆောက်သမ်တန်ကို နိုင် (ရုပ်သံ)

1.4K
ပရီးမီးယားလိဂ် ဘောက်ဆင်ဒေးပွဲစဉ်မှာ တော့်တင်ဟမ်ဟော့စပါးက ဆောက်သမ်တန်ကို ၅ ဂိုး ၂ ဂိုးနဲ့ ဂိုးပြတ် အနိုင်ရသွားပါတယ်။
စပါးအသင်းဟာ ဒီပွဲမှာ တိုက်စစ်မှူး ဟယ်ရီကိန်း၊ ဆွန်ဟောင်မင်၊ အယ်လီ၊ အဲရစ်ဆင် စတဲ့ အဓိက ကစားသမား အစုံအလင်နဲ့ ပွဲထွက်လာခဲ့ပါတယ်။
အိမ်ကွင်းမှာယှဉ်ပြိုင်ရတဲ့ ဒီပွဲမှာ စပါးအသင်းက ဘောလုံးပိုင်ဆိုင်မှု အနည်းငယ် အသာစီးရခဲ့ပေမယ့် ထိုးဖောက်ကန်သွင်းခွင့်မှာတော့ မတိမ်းမယိမ်းပဲ ရှိခဲ့တာပါ။
စပါးအတွက် အနိုင်ဂိုးတွေကို ပွဲချိန် ၂၂၊ ၃၉ နဲ့ ၆၇ မိနစ်တွေမှာ တိုက်စစ်မှူး ဟယ်ရီကိန်းက ဟက်ထရစ် သွင်းယူခဲ့သလို ပွဲချိန် ၄၉ မိနစ်မှာ အယ်လီနဲ့ ၅၁ မိနစ်မှာ ဆွန်ဟောင်မင်တို့က တဂိုးစီ သွင်းယူပေးခဲ့ပါတယ်။
ဆောက်သမ်တန်အတွက် ချေပဂိုးကိုတော့ ပွဲချိန် ၆၄ မိနစ်မှာ ဘူဖောလ်နဲ့ ၈၂ မိနစ်မှာ တာဒစ်တို့က သွင်းယူပေးခဲ့ပါတယ်။
ဒီပွဲအနိုင်ရတဲ့စပါးအသင်းက ရမှတ် ၃၇ မှတ်နဲ့ အဆင့် ၅ မှာ ရပ်တည်နေပြီး ဆောက်သမ်တန်ကတော့ ရမှတ် ၁၉ မှတ်နဲ့ အဆင့် ၁၄ မှာ ရှိနေပါတယ်။
ဒီပွဲမှာ ဟက်ထရစ်သွင်းယူပေးခဲ့တဲ့ တိုက်စစ်မှူး ဟယ်ရီကိန်းဟာ အင်္ဂလန် တိုက်စစ်မှူးဟောင်း အလန်ရှီးယား ၂၂ နှစ်ကြာတင်ထားခဲ့တဲ့ ပြက္ခဒိန်တနှစ်အတွင်း ပရီးမီးယားလိဂ်သွင်းဂိုး ၃၆ ဂိုး သွင်းယူနိုင်တဲ့စံချိန်ကို ၃၉ ဂိုးနဲ့ ဖြတ်ကျော်နိုင်ခဲ့ပါတယ်။
ဒါ့အပြင် ဟယ်ရီကိန်းဟာ ပြက္ခဒိန်တနှစ်အတွင်း ပရီးမီးယားလိဂ် ၆ ပွဲ ဟက်ထရစ်ရတဲ့ ပထမဆုံး ကစားသမားလည်း ဖြစ်လာပါတယ်။
ဟယ်ရီကိန်းဟာ ၂၀၁၇ ခုနှစ်အတွင်း စပါးအတွက် ၄၉ ဂိုး၊ အင်္ဂလန်အသင်းအတွက် ၇ ဂိုး သွင်းယူပေးခဲ့လို့ စုစုပေါင်း ၅၆ ဂိုးရှိပြီး မက်ဆီ (၅၄ ဂိုး)၊ ရိုနယ်ဒို (၅၃ ဂိုး)၊ လီဝမ်ဒေါ့စကီး (၅၃ ဂိုး)၊ ကာဗာနီ (၅၃ ဂိုး) တို့ရဲ့ စံချိန်ကိုလည်း ချိုးဖျက်နိုင်ခဲ့ကာ ၂၀၁၇ ခုနှစ် တနှစ်တာအတွင်း ဥရောပ ဂိုးအများဆုံးသွင်းနိုင်သူ ဖြစ်လာပါတယ်။