မိတ္ထီလာမြို့စားသောက်ဆိုင်တွင် ဓားထိုး လူသတ်မှုဖြစ်ပွား
DVB
·
December 26, 2017
မိတ္ထီလာမြို့ ရန်ကုန်-မန္တလေး လမ်းဟောင်းဘေး ပြည်သာယာ ၂ လမ်းရှိ YE 7 စားသောက်ဆိုင်အတွင်းကို ပြေးဝင်လာတဲ့ အမျိုးသား ၁ ဦးကို နောက်ကလိုက်လာသူ ၂ ဦးက ဓားနဲ့ထိုးတဲ့အတွက် သေဆုံးခဲ့တယ်လို့ မိတ္ထီလာအမှတ် (၃) ရဲစခန်း တာဝန်ကျရဲအရာရှိက ပြောပါတယ်။
ဒီဇင်ဘာလ ၂၆ ရက် မနက် ၁ နာရီခွဲလောက်က မိတ္ထီလာ ပြည်သာယာမြောက်ပိုင်း (၁) လမ်းနေ ကိုသန်းနိုင်ဦး (ခ) မုန့်ဖတ်က YE 7 စားသောက်ဆိုင်အတွင်း ပြေးဝင်လာတာကို နောက်ကလိုက်လာတဲ့လူ ၂ ဦးက ဘယ်ဘက်ရင်အုံကို ဓားနဲ့ ထိုးခဲ့ပြီး ထိုးသွင်းဒဏ်ရာ တချက်နဲ့ မိတ္ထီလာဆေးရုံမှာ ဆေးကုသနေစဉ် သေဆုံးသွားခဲ့တာပါ။
မိတ္ထီလာအမှတ် (၃) ရဲစခန်းအမှုစစ် ရဲအရာရှိက “သေဆုံးသွားတဲ့ ကိုသန်းနိုင်ဦးနဲ့ ဓားနဲ့ ထိုးသွားသူ ၂ ဦးတို့ အခြားနေရာမှာ စကားများ ရန်ဖြစ်ခဲ့တယ် ထင်တယ်။ ကိုသန်းနိုင်ဦးက စားသောက်ဆိုင်ထဲ ပြေးဝင်လာတာကို နောက်ကလိုက်ပြီး ဘယ်ဘက်ရင်အုံကို ဓားနဲ့ ထိုးသွားတယ်။ မိတ္ထီလာဆေးရုံရောက်ပြီး ဆေးကုနေတုန်း သေဆုံးသွားတယ်။ လူသတ်တရားခံတွေကို စုံစမ်းဖမ်းဆီးဖို့ လုပ်နေတယ်”လို့ ပြောပါတယ်။
သေဆုံးသူ ကိုသန်းနိုင်ဦးရဲ့ ဇနီးဖြစ်သူက တရားလိုလုပ်ပြီး အမှုဖွင့်ခဲ့ပြီး မိတ္ထီလာအမှတ် (၃) ရဲစခန်းမှာ စုံစမ်းနေဆဲတရားခံ ၂ ဦးကို ချွန်ထက်ပြတ်ရှပြင်းထန်ဒဏ်ရာရရှိမှု ရာဇသတ်ကြီး ပုဒ်မ ၃၂၆ မှ လူသတ်မှု ရာဇသတ်ကြီးပုဒ်မ ၃၀၂သို့ ပြောင်းလဲ အမှုဖွင့်ထားပါတယ်။
သတင်း - မောင်မောင်လင်း(ဝမ်းတွင်း)