ရုံးတက် ရုံးဆင်းချိန် Yangon Water Bus ကို ခေါက်ရေ ထပ်တိုး
အာကာ
·
December 26, 2017
အများပြည်သူ အသွားအလာများတဲ့ ရုံးတက် ရုံးဆင်းချိန်တွေမှာ Yangon Water Bus ကို အချိန်စိပ်ပြီး ခေါက်ရေတိုးလိုက်တဲ့အတွက် စီးတဲ့သူ အရင်ထက် များလာတယ်လို့ တာဝန်ယူ ပြေးဆွဲနေတဲ့ တင့်တင့်မြန်မာ ကုမ္ပဏီက ပြောပါတယ်။
တင့်တင့်မြန်မာကုမ္ပဏီက ပြန်ကြားရေးတာဝန်ခံ ကိုထွန်းနိုင်လင်းက “ရုံးတက် ရုံးဆင်းချိန်ကို အချိန်အတိအကျနဲ့ ခေါက်ရေ စိပ်လိုက်တာပါ။ အဓိကက ရုံးသမားတွေ အဆင်ပြေအောင်ပါ။ ဥပမာ နာရီဝက်ဆို နာရီဝက် အတိအကျ သတ်မှတ်လိုက်တာပါ။ အဲဒီ့အတွက် တရက်ကို ၁၉ ခေါက်နဲ့ အထက် ပြေးဆွဲလာနိုင်ပါတယ်။ နေ့ခင်းဘက်တော့ ပုံမှန်အတိုင်းပဲ ပြေးဆွဲပါတယ်။ လက်ရှိမှာ စီးတဲ့သူ အရင်ကထက် များလာပါပြီ”လို့ ဒီဗွီဘီကို ပြောပါတယ်။
Yangon Water Bus ကို လက်ရှိမှာ တရက် လူဦးရေ ၅၀၀၀ ဝန်းကျင် စီးနင်းလာတယ်လို့ ဆိုပါတယ်။ Yangon Water Bus ကို ရေယာဉ် ၈ စီးနဲ့ အောက်တိုဘာ ၆ ရက်နေ့က စပြီး တရားဝင် စတင်ပြေးဆွဲခဲ့ပါတယ်။