မြန်မာ့အရေးဆုံးဖြတ်ချက် ကုလ အတည်ပြု

116
မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးအခြေအနေတွေနဲ့ပတ်သက်ပြီး မြန်မာ့အရေး ဆုံးဖြတ်ချက်တခုကို ကုလသမဂ္ဂအထွေထွေညီလာခံက အတည်ပြုလိုက်ပါတယ်။
ဒီဇင်ဘာလ ၂၄ ရက်နေ့က ကျင်းပတဲ့ ၇၂ ကြိမ်မြောက်အထွေထွေညီလာခံမှာ အတည်ပြု ဆုံးဖြတ်ခဲ့တာဖြစ်ပြီး ရခိုင်ပြည်နယ်မှာဖြစ်ပွားနေတဲ့ လူအခွင့်အရေး ချိုးဖောက်ခံနေရတဲ့ ကိစ္စတွေ ရပ်တန့်ဖို့၊ နယ်မြေရှင်းလင်းရေးကိစ္စတွေ ရပ်တန့်ဖို့၊ ဒုက္ခသည်တွေ နေရပ်ပြန်လာ နိုင်အောင် လုပ်ဆောင်ပေးဖို့ စတဲ့အချက်တွေ ပါဝင်ပါတယ်။
ဒါ့အပြင် အတည်ပြုချက်ထဲမှာ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့ မြန်မာနိုင်ငံထဲ ဝင်ခွင့်ပြုဖို့ဆိုတဲ့ အချက်လည်း ပါဝင်ပါတယ်။
မြန်မာ့အရေးဆုံးဖြတ်ချက်ကို တရုတ်၊ ရုရှား၊ ကမ္ဘောဒီးယား၊ လာအို၊ ဖိလစ်ပိုင် စတဲ့ ၁၀ နိုင်ငံက ကန့်ကွက်ခဲ့ကြပေမယ့် မဲခွဲဆုံးဖြတ်ရာမှာတော့ ထောက်ခံမဲ ၁၂၂ မဲ ရရှိလို့ အတည်ပြုခဲ့ပါတယ်။
ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဟောက်ဒိုဆွမ်းကတော့ ရခိုင်ပြည်နယ် အရေးဟာ နေ့ချင်းညချင်းဖြေရှင်းလို့ရတဲ့ ကိစ္စမဟုတ်သလို မြန်မာအစိုးရ တခုတည်းအနေနဲ့ ဖြေရှင်းလို့ရတဲ့ ကိစ္စမဟုတ်ဘဲ နိုင်ငံတာကာရဲ့ အကူအညီနဲ့ နားလည်မှုရရှိဖို့လိုတယ်။
မြန်မာအစိုးရအနေနဲ့ လူသားချင်းစာနာမှုနဲ့ လုံခြုံရေးဆိုင်ရာ ကိစ္စတွေကို ဆောင်ရွက်ဖို့ ကြိုးစားခဲ့ပေမယ့် ARSA ရဲ့ နှောင့်ယှက်မှုတွေ ကြုံခဲ့ရတယ်။
တဆက်တည်းမှာပဲ မြန်မာအစိုးရက ရခိုင်ပြည်နယ်က နှစ်ဖက်လူမှုပတ်ဝန်းကျင်အတွက် ငြိမ်းချမ်းရေးနဲ့ ရေရှည်ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်နေတယ်လို့ ခုခံပြောကြားခဲ့ပါတယ်။
ရခိုင်ပြည်နယ်၊ မောင်တော၊ ဘူးသီးတောင်နဲ့ ရသေ့တောင်ဒေသတွေမှာ ပြီးခဲ့တဲ့ သြဂုတ်လအတွင်း ARSA အကြမ်းဖက်အုပ်စုက ရဲကင်း ၃၀ လောက်ကို တပြိုင်တည်းဝင်တိုက်ခဲ့ပါတယ်။
အဲ့ဒီနောက် မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်တွေက နယ်မြေရှင်းလင်းရေးလုပ်ခဲ့ပြီး ရိုဟင်ဂျာ ၆ သိန်းကျော် ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးခဲ့ကြတယ်လို့ ကုလသမဂ္ဂက သတင်းထုတ်ပြန်ခဲ့ပြီးနောက် အခုလို မြန်မာအရေး ဆုံးဖြတ်ချက်တခု ကုလမှာ အတည်ပြုလာတာ ဖြစ်ပါတယ်။